News

POST TYPE

MANDALAY

ပုဂံငလျင်အန္တရာယ်ပြမြေပုံ လာမည့်နှစ်ဆန်းပိုင်းထွက်မည်
10-Aug-2018

မန္တလေး၊ ဩဂုတ် ၉

စင်ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်ရှိ မြေကမ္ဘာလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသော ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသီးသန့် ငလျင်အန္တရာယ်ပြမြေပုံ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။

အဆိုပါမြေပုံရေးဆွဲနိုင်ရန် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အောက်ခံမြေလွှာ လှုပ်ရှားမှုတိုင်းတာခြင်း၊ နည်းပညာ အထောက်အကူပြုသင်တန်းများ ပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

မြေထုလွှာ၏ အထူ၊ အပါး၊ အပျော့၊ အမာနှင့် ဖွဲ့တည်မှုကိုသိရှိနိုင်ပြီး ငလျင်လှိုင်းဖြတ်သန်းချိန်ကာလတွင် မြေပေါ်ရှိ အဆောက်အအုံများ၏ ခံနိုင်အားကို ခန့်မှန်းတွက်ချက်ရယူနိုင်ရန် ကနဦးတိုင်းတာခြင်း လုပ်ငန်းများပြုလုပ်ခဲ့ကြောင်း၊ မြေပုံကိုကြည့်၍ ဘုရားများကိုထိန်းသိမ်းလာနိုင်မည်ဖြစ်ကာ ထိခိုက်မှုများနိုင်သည့် နေရာများ၊ ထိန်းသိမ်းရမည့် နည်းစနစ်များကို သိရှိလာနိုင်မည်ဖြစ်ကြောင်း ဦးဖြိုးပြည့်ကိုကိုက ရှင်းပြသည်။

အဆိုပါမြေပုံထုတ်ခြင်း လုပ်ငန်းကို မြန်မာနိုင်ငံငလျင်ကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စင်ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်ရှိ မြေကမ္ဘာလေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

မြေပုံရေးဆွဲရန်အတွက် ကနဦး ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ဇွန်လအတွင်းက လုပ်ဆောင်ခဲ့ပြီး ပုဂံမြို့ဟောင်းအတွင်းရှိ ဗူးဘုရား၊ မဟာဗောဓိ၊ နန်းတော်ရာနေရာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင်စသည့် စေတီ၊ ပုထိုးများအနီးနှင့် ပုဂံမြို့ဟောင်းမြို့ရိုးတစ်လျှောက်၊ သရပါဂိတ်တို့တွင် မြေတုန်ခါမှုနှုန်းတိုင်းတာခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။ 

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရား၊ စေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ လက်ရှိတွင် ပျက်စီးခဲ့သည့်ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဟု ခွဲခြားသတ်မှတ်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိသည်။ 

M-05