News

POST TYPE

MANDALAY

ပုဂံတွင် ဘုရားသမိုင်းကို မိုဘိုင်းလ်ဖုန်းဖြင့် လေ့လာနိုင်မည့်စနစ် တပ်ဆင်
08-Aug-2018


မန္တလေး၊ ဩဂုတ် ၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအဆူ ၆၀ ကျော်တွင် ဘုရားသမိုင်းကို မိုဘိုင်းလ်ဖုန်းဖြင့် လေ့လာနိုင်မည့် QR Code များ စမ်းသပ်စိုက်ထူတပ်ဆင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။

မြန်မာနိုင်ငံ ကွန်ပျူတာတက္ကသိုလ်အသင်းနှင့် ထိုင်းနိုင်ငံရှိ National Electronic and Computer Technology Center (NECTEC) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရှေးဟောင်းစေတီ၊ ပုထိုးတစ်ဆူချင်းစီ၏ သမိုင်းကြောင်း အချက်အလက်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ဖော်ပြထားကြောင်း၊ ယခုစိုက်ထူထားသော QR Code ကို Scan ဖတ်ယူကာ မိုဘိုင်းလ်ဖုန်းများဖြင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည့်အပြင် အသံစနစ်ဖြင့်လည်း နားဆင်နိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နိုင်ငံတကာတွင်ကျင့်သုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပုဂံဘုရားများ၌ စတင်စမ်းသပ်အသုံးပြုခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့မှစတင်၍ လက်ရှိအချိန်အထိ ဘုရားအဆူ ၂၀ တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ ဘုရားစေတီပုထိုးများ၏ သမိုင်းကြောင်း အချက်အလက်များ ပိုမိုပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ (Update) ဖြစ်စေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးပြည့်ကိုကိုက ရှင်းပြသည်။

လက်ရှိတွင် သဗ္ဗညုဘုရား (ဘုရား အမှတ်-၁၅၉၇)၊ သကျမုနိဘုရား (ဘုရား အမှတ်-၁၄၇)၊ ကန်တော့ပလ္လင်ဘုရား (ဘုရားအမှတ်-၁၆၂၂)၊ ပြာသာဒ်ကြီးဘုရား (ဘုရားအမှတ်-၈၀၃)၊ နရသီဟပတေ့ ဘုရား (ဘုရားအမှတ်-၅၃၉)၊ မဟာ ဗောဓိဘုရား (ဘုရားအမှတ်-၁၆၇၀)၊ ဗူးလည်သီးဘုရား (ဘုရားအမှတ်-၃၉၄)၊ ဓမ္မရာဇိကဘုရား (ဘုရားအမှတ်-၉၄၇)၊ သမ္ဘူလဘုရား (ဘုရားအမှတ်-၄၈၂)၊ စူဠာမဏိဘုရား(ဘုရားအမှတ်-၇၄၈)၊ စေတနာကြီးဘုရား (ဘုရားအမှတ် -၉၈၇)၊ ဓမ္မရံကြီးဘုရား (ဘုရားအမှတ်- ၇၇၁)၊ အာနန္ဒာဘုရား (ဘုရားအမှတ်- ၂၁၇၁)၊ ကုန်းတော်ကြီးဘုရား (ဘုရား အမှတ်-၁၅၁)၊ ရွှေဂူကြီးဘုရား (ဘုရား အမှတ်-၁၅၈၉)၊ ဗူးဘုရား (ဘုရား အမှတ် -၁၆၅၇)၊ ရှင်အဇ္ဈဂေါဏဘုရား (ဘုရား အမှတ်-၅၈၈)နှင့် မနူဟာဘုရား (ဘုရား အမှတ်-၁၂၄၀) တို့တွင် QR Code Scan များ စမ်းသပ်စိုက်ထူတပ်ဆင်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ သိရသည်။  

M-05