News

POST TYPE

MANDALAY

မန္တလေးမှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကြေညာ
07-Aug-2018

မန္တလေး၊ ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီးကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၆ ဦး၏ အမည်စာရင်းကို ဩဂုတ်လ ၆ ရက်က အတည်ပြုကြေညာကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

မန္တလေးတိုင်းတွင် ပါတီအသီးသီးမှ အမည်စာရင်းတင်သွင်းသူ ၁၆ ဦးရှိပြီး စည်းကမ်းချက်များ၊ အရည်အချင်းများနှင့်ပတ်သက်၍ လိုအပ်သည့်စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာ စုစုပေါင်း ၃ နေရာ လစ်လပ်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် တစ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရေစီပါတီနှင့် ပြည်သူ့ အလုပ်သမားပါတီ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ( ၁ ) နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

M-05