News

POST TYPE

MANDALAY

ကျေးရွာ ၁၅ ရွာ ကမ်းပြိုကာကွယ်ရေး ကျပ် ငါးဘီလီယံတောင်း
မန္တလေး၊ ဩဂုတ် ၆

မန္တလေးတိုင်းရှိ ကျေးရွာ ၁၅ ရွာအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်အရ ငွေကျပ် ငါးဘီလီယံ တင်ပြတောင်းခံထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးပါက ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ရန် တင်ပြထားသော ကျေးရွာများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဒိုင်းက ပြောကြားသည်။ 

စဥ့်ကူးမြို့နယ်တွင် မြေနုနှင့်ထီးကုန်း ကျေးရွာ၊ မတ္တရာမြို့နယ်ရှိ သဲကျွန်း၊ စိန်ပန်းကုန်းနှင့် မိုးကြိုးပစ်ကျေးရွာ၊ အမရပူရမြို့နယ်ရှိ ဘနောနှင့်မုန်တောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်ရှိ စက်ရိပ်နှင့် ဆည်တောကျေးရွာ၊ ငါန်းဇွန်မြို့နယ်ရှိ ရဲပဒိုင်းနှင့် လင်္ကာဒီပကျေးရွာ၊ မြင်းခြံမြို့နယ်ရှိ ကန်နီနှင့်ရန္တပိုကျေးရွာ၊ တံတားဦးမြို့နယ်ရှိ ပုဏ္ဏားခြံနှင့် ရှမ်းဈေးကြီးကျေးရွာတို့ ပါဝင်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှတ်တမ်းများအရသိရသည်။

မန္တလေးတိုင်းတွင် မြစ်ရေတက်ချိန်၌ ဧရာဝတီမြစ်နံဘေးရှိ ကျေးရွာအချို့ ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များ ပြောင်းရွှေ့ခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခြင်းကို နှစ်စဉ်ကြုံတွေ့နေရကြောင်း မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောကြားသည်။ 

“ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်ရာမှာ ရေရှည်စီမံကိန်းနဲ့ စနစ်တကျ လုပ်ဆောင်သင့်တယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ခွင့်ပြုချက်ရပါက လျာထားသော ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေးဒီဇိုင်းများ ရေးဆွဲပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြ၍ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဆောင်ဒိုင်းက ထပ်မံပြောကြားသည်။

၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကျေးရွာ ၂၂ ရွာကို ဆောင်ရွက်ပေးခဲ့ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မှတ်တမ်းများအရ သိရသည်။

M-08