News

POST TYPE

MANDALAY

ကျောက်စိမ်းလက်ကောက်များရောင်းချရာ၌ အိမ်ခံပွဲခဈေးနှုန်းသတ်မှတ်
06-Aug-2018



မန္တလေး၊ ဩဂုတ် ၅

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း၌ ကျောက်စိမ်းလက်ကောက်များ ရောင်းဝယ်ရာတွင် အိမ်ခံပွဲခ (အရောင်းအဝယ် ပြုလုပ်သောနေရာ၏ ဆိုင်ခန်းပိုင်ရှင်အား ရောင်းချသူကုန်သည်က ပေးရသောပွဲခ) များကို ၃ ကျပ် ၅၀ ပြားနှုန်း ကောက်ခံရန် ဩဂုတ်လ ၃ ရက်နေ့က သတ်မှတ်ခဲ့ကြောင်း မဟာအောင်မြေကျောက်ဝိုင်း အကျိုးတောင်ဆောင် ကော်မတီရုံးထံမှ သိရသည်။ 

ကျောက်စိမ်းလက်ကောက်လိုင်းတွင် အိမ်ခံခ ၁၀ ကျပ်၊ ၁၅ ကျပ်ကောက်ခံနေသည်မှာ များလွန်းသည့်အတွက် နစ်နာမှုများရှိနေကြောင်း၊ လူ ၆၀၀ ခန့်က လက်မှတ်ထိုး တိုင်ကြားထားသောကြောင့် ကော်မတီက ကုန်သည်၊ အိမ်ခံ၊ ပွဲစားများအား ကော်မတီရုံးခန်းတွင် အစည်းအဝေးခေါ်၍ ကျပ် တစ်ရာလျှင် ၃ ကျပ် ၅၀ ပြားသာ ကောက်ခံရန် ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော် ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုး မြင့်နိုင်က ပြောကြားသည်။ 

“အိမ်ခံပွဲခ အရမ်းများနေတယ်။ လက်ကောက်ဝိုင်းမှာ အဆိုးဆုံးဖြစ်နေတယ်။ အပွင့်၊ အချပ်လိုင်းမှာ ဒီပြဿနာ သိပ်မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ 

လက်ကောက်ဖြတ်ရန် ကျောက်ဝယ်သောအခါတွင် ပွဲခ ငါးကျပ်ပေးရပြီး ပြန်ရောင်းသောအခါ အိမ်ခံပွဲခသည် အနည်းဆုံး ၇ ကျပ်မှ ၁၀ ကျပ်ကျော်အထိရှိကာ ပွဲစားခ ၃ ကျပ်ပေးရသောကြောင့် ကျပ်သိန်းတစ်ရာတန်ကျောက်ဝယ်၍ ပြန်ရောင်းပြီးချိန်တွင် အလုံးစုံပွဲခ စုစုပေါင်းမှာ အနိမ့်ဆုံး ကျပ် ၁၅ သိန်းခန့် ကုန်ကျနေကြောင်း ကျောက်စိမ်းလက်ကောက်ကုန်သည်တစ်ဦးက ပြောကြားသည်။ 

“အိမ်ခံပွဲခက အရမ်းများနေတယ်။ အခုလို သတ်မှတ်ပေးလိုက်တော့ ကုန်သည်တွေ ကုန်ကျစရိတ် သက်သာသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ 

သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ပထမအကြိမ်တွင် သတိပေးပြီး ဒုတိယအကြိမ်တွင် ခံဝန်ထိုးခိုင်းခြင်း (သို့မဟုတ်) ဒဏ်ငွေနှင့် နောက်ဆုံးအဆင့်တွင် ကျောက်ဝိုင်းအတွင်းရှိဆိုင်ခန်းကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း ဦးမျိုးမြင့်နိုင်က ထပ်မံပြောကြားသည်။ 

မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်စိမ်းအပွင့်နှင့် ကျောက်စိမ်းလွှာ ချပ်လိုင်းများရောင်းချရာ၌ အိမ်ခံပွဲခနှင့် ပွဲစားခနှုန်းထားပေါင်းလျှင် ၅ ကျပ်ခွဲခန့်သာရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

M-08