News

POST TYPE

MANDALAY

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး
03-Aug-2018



မန္တလေး၊ ဩဂုတ် ၂

မြန်မာမှုအနုလက်ရာ စံပြုကျောင်းကြီးဖြစ်သည့် ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေသည့် WORLD MONUMENTS FUND ထံမှ သိရသည်။

အဆိုပါ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းအကုန်အကျခံ၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တောင်ဘက်ဝရန်တာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း WORLD MONUMENTS FUND မှ ပရောဂျက်ဒါရိုက်တာ Jeffery Allen က ပြောကြားသည်။

“ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းက ၂ နှစ်လောက်ကြာမယ်။ ဒါကလည်းကြားထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေမရှိဘူး ဆိုရင်ပေါ့။ ခုလုပ်နေတဲ့ဝရန်တာက နောက်နှစ်နွေမှာပြီးမယ်”ဟု ၎င်းက ပြောဆိုသည်။

အမေရိကန်သံအမတ်ကြီးများ ရန်ပုံငွေမှလှူဒါန်းသည့်ငွေဖြင့် ရွှေကျောင်း၏ နောက်ခံသမိုင်းကြောင်းများရှာဖွေခြင်း၊ မှတ်တမ်းမှတ်ရာများ ရှာဖွေခြင်း၊ စာတမ်များပြုစုခြင်း၊ ပျက်စီးရသည့် အကြောင်းအရင်းများကို ရှာဖွေခြင်း၊ လေဆာစကင်နာစက်ဖြင့် 3D ရိုက်ကူးခြင်းလုပ်ငန်းများ၊ တိုင် ၁၂ အသစ်လဲခြင်း၊ ကြမ်းခင်းလေးပုံတစ်ပုံခင်းခြင်း လုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရန် အောက်ခြေကွန်ကရစ်ကြမ်းခင်းခြင်း လုပ်ငန်းများ၊ အနောက်တောင်ထောင့်လှေကား သဲကျောက်ဖြင့်အစားထိုးခြင်း လုပ်ငန်းများ၊ လှေကားလေးစင်းအောက်ခြေကွန်ကရစ်ဖြင့် ထိန်းခြင်းလုပ်ငန်းများ၊ အနောက်ဘက်ဝရန်တာပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် နယားရုပ်များ တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း WORLD MONUMENTS FUND မှတ်တမ်းများအရ သိရသည်။

ရွှေနန်းတော်ကျောင်းသည် အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်းပါသော ဇေတဝန်ဆောင်ဖြစ်ကာ ရှေးအစဉ်အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်ပုံ မတူဘဲ စနုဆောင်ကို နေကျော်တည်ဆောက်ထားပြီး ကျောင်းဦးပြာသာဒ်နှင့် ဘောဂဆောင်မပါသောကျောင်းကြီးဖြစ်ကြောင်း၊ ကျောင်းကြီးတစ်ဆောင်လုံး တွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောက်တိုင် ၁၀ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅၀ တိုင်၊ နယားရုပ် ထောက်တိုင်ပေါင်း ၄၂ တိုင်နှင့် သရက်ကင်းအုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားသော ကျောင်းကြီးတစ်ကျောင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ထုတ်ပြန်ချက်များအရသိရသည်။

ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများရန်ပုံငွေမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာငါးသိန်းဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ပုံငွေမှ ဒေါ်လာသုံးသိန်း ထပ်မံလှူဒါန်းသဖြင့် ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ရွှေနန်းတော်ကျောင်းကြီးသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယာ ရာမတိုက် မဟာရံတံတိုင်းနှစ်ခုကြား၊ အရှေ့တောင်ထောင့်တွင် တည်ရှိသည်။ 

M-05