News

POST TYPE

MANDALAY

ကျောက်ဆည်သစ်မှောင်ခိုမှု ရဲအရာရှိသုံးဦးနှင့် တပ်ကြပ်တစ်ဦးကို ထောင်ချ
03-Aug-2018

မန္တလေး၊ ဩဂုတ် ၂

တရားမဝင် သစ်ရောင်းဝယ်မှု တစ်ခုနှင့်စပ်လျဉ်း၍ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ဩဂုတ်လ ၁ ရက်နေ့တွင် ရဲတရားရုံးက ရာထူးချခြင်းနှင့်ထောင်ဒဏ်များ ချမှတ်လိုက်သည်။ 

ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရာထူးတစ်ဆင့်လျှော့ချခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သော စခန်းမှူးဟောင်း ရဲမှူးမြင့်ဦးကို ထောင်ဒဏ်တစ်နှစ်၊ စခန်းမှူးအသစ် ဒုရဲမှူးဝင်းနိုင်ကို ရာထူးလျှော့ချခြင်းနှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်ကို ထောင်ဒဏ် ၂ နှစ်၊ အပိုင်နယ်ထိန်း တပ်ကြပ်ချစ်စန်းကို ထောင်ဒဏ်သုံးနှစ်ချခဲ့ကြောင်း ကျောက်ဆည် မြို့မရဲစခန်း ခေတ္တမှူးဒုရဲမှူး သန်းကျော်ဌေးက အတည်ပြုပြောကြားသည်။

ပြီးခဲ့သော ဧပြီလ ၂၅ ရက်နေ့ညက ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ကုန်း ကျေးရွာအနီးတွင် ဖမ်းမိသောသစ်များကို ကျောက်ဆည်မြို့မရဲစခန်း၌ အမှုဖွင့်ရန် ဆောင်ရွက်စဉ် တရားခံများ မရှိတော့ဘဲ ပိုင်ရှင်မဲ့အဖြစ် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များသည် ရာထူးချခံရခြင်းနှင့် ထောင်ဒဏ်များ ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သားထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့နှစ်ဦးသည် မေလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က မြို့ထဲသို့ လက်ဖက်ရည်သောက်သွားရာမှ ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့အရောက် မသင်္ကာဖွယ်ရာ ကားတစ်စီးကိုတွေ့သဖြင့် ဆိုင်ကယ်နှင့်လိုက်ရာ ဖျောက်ဆိပ်ပင်ကျေးရွာအနီး ရဲရွာလမ်းဆုံတွင်အဆိုပါကားကို တားဆီးနိုင်ခဲ့ပြီး စစ်ဆေးရာမှ ကားပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးထားသော ပိတောက်တုံးများကို တွေ့ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို တာဝန်မှူး၏ ခွင့်ပြုချက်ဖြင့် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့သော်လည်း ပိုင်ရှင်မဲ့အဖြစ် ဆောင်ရွက်ခဲ့သည်ကို မကျေနပ်သဖြင့် ရဲချုပ်ရုံးနှင့် ပြည်ထဲရေးဝန်ကြီးထံတိုင်ကြားခဲ့သော အမှုဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲဝံ့စွာဖော်ထုတ်ခဲ့သော ရဲတပ်သားငါးဦးကို ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) နှင့် ဒေသခံများက ဇွန်လ ၉ ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ခဲ့သေးသည်။ 

M-01