News

POST TYPE

MANDALAY

မန္တလေးတွင် ဖောက်စွပ်ကား ၁၁ စီး သိမ်းဆည်း
02-Aug-2018
မန္တလေး၊ ဩဂုတ် ၁

မန္တလေးခရိုင်တွင် နှစ်လအတွင်း ဖောက်စွပ်ယာဉ် ၁၁ စီးကို မှတ်ပုံတင်ဖျက်သိမ်း၍ သိမ်းဆည်းအရေးယူထားကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မော်တော်ယာဉ်များ၏ ဖရိန်ချက်စီ အမှတ်ကိုဖြတ်ဆက်ထားခြင်း၊ မူလမော်တော်ယာဉ်များ၏ ဖရိန်ချက်စီအမှတ်ပါ ဘောင်တန်းတစ်ခုလုံးအား အခြားယာဉ်တွင် ဖြတ်ဆက်ပြုလုပ်ပြီး ယာဉ်အစိတ်အပိုင်းများ ပြောင်းလဲထားခြင်းစသည်တို့ စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ်အား မှတ်ပုံတင်ဖျက်သိမ်းအရေးယူရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ယခုနှစ်ဇွန်လ ၁၁ ရက်က ညွှန်ကြားခဲ့သဖြင့် သိမ်းဆည်းအရေးယူမှုများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကညန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါမော်တော်ယာဉ်များ၏ ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံအဝိုင်း၊ ဖောင်းကြွနံပါတ်ပြားတို့ကိုသိမ်းဆည်း၍ သက်ဆိုင်ရာရဲစခန်းသို့ နေ့ချင်းအပ်နှံရသော်လည်း ယာဉ်ပိုင်ရှင်များကို တရားစွဲမှုမရှိကြောင်း ၎င်းက ရှင်းပြသည်။

ကားနှင့်ပတ်သက်သောပိုင်ဆိုင်မှု စာအုပ်မှန်ကန်ခြင်း၊ ဖောင်းကြွမှန်ကန်ခြင်း၊ အခြားသောအချက်အလက်များ မှန်ကန်ပါက ခိုင်မာသည့် စာချုပ်စာတမ်းဖြင့် အရောင်းအဝယ်ပြုလုပ်ကြသော်လည်း ဆေးခွာ၍ဝယ်ယူမရသောကြောင့် အခက်အခဲဖြစ်ရကြောင်း မန္တလေးမြို့မှ ကားဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးခင်လတ်က ပြောကြားသည်။

“ဘယ်ကားကတော့ ဖောက်စွပ်ဆိုတာ ကြည့်လိုက်ရုံနဲ့မသိဘူး။ ဂျပန်မှာကတည်းက ပြန်ပြင်ထားတာတွေရှိတယ်။ ဒီကားတွေက အသုံးပြုပြီးသားဖြစ်တဲ့အတွက် နဂိုတည်းကပါတာလားဆိုတာ မသိရဘူး”ဟု ၎င်းက ပြောဆိုသည်။

ကားဝယ်ယူမည့်သူများနှင့် ပိုက်ဆံအပြည့်မပေးချေသေးဘဲ ကား၏အစိတ်အပိုင်းများ မှန်ကန်ခြင်းရှိ၊ မရှိသိရှိနိုင်ရန် ကညနရုံးသို့ လာရောက်စစ်ဆေးပါက ရောင်းမှား၊ ဝယ်မှားပြဿနာများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ယာဉ်စစ်ဆေးခအနေနှင့် ၅၀၀၀ ကျပ်သာ ပေးသွင်းရကြောင်း ကညနရုံးထံမှ သိရသည်။ 

M-08


  • VIA