News

POST TYPE

MANDALAY

ရှေးဟောင်းပုဂံခေတ် လူမှုစီးပွားအခြေအနေများကို သုတေသနပြုလုပ်
02-Aug-2018
မန္တလေး၊ ဩဂုတ် ၁

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ပုဂံဒေသတွင်နေထိုင်ခဲ့ကြသည့် သာမန်လူတန်းစားများ၏ လူမှုစီးပွားအခြေအနေများကို ငါးနှစ်စီမံချက်ဖြင့် သုတေသန ပြုလုပ်လျက်ရှိကြောင်း မန္တလေးတက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာဌာနမှ ကထိက ဒေါက်တာပြည့်ဖြိုးကျော်က ပြောကြားသည်။

ယခင်က သုတေသနများပြုလုပ်ရာတွင် အုပ်ချုပ်သူလူတန်းစား၊ သူဌေးသူကြွယ်များ၏ အကြောင်းများကိုသာ သုတေသနပြုလုပ်လေ့ရှိကြောင်း၊ ထိုသူတို့ အကြောင်းသည် စာပေအထောက်အထားများ၊ ကျောက်စာအထောက်အထားများအရ သိရှိနိုင်ကြောင်း၊ အုပ်ချုပ်ခံလူတန်းစားများ၏ လူမှုဘဝစီးပွား အကြောင်းများမှာမူ သိရှိထားမှုနည်းပါးနေကြောင်း ၎င်းက ပြောဆိုသည်။

“ပုဂံကိုအုပ်စိုးခဲ့တဲ့ ရှင်ဘုရင်တွေ၊ မှူးကြီးမတ်ကြီးတွေ၊ လူကုံထံသူဌေး၊ သူကြွယ်တွေအကြောင်းက အတော်များများ သိထားပြီးပြီဖြစ်တယ်။ ရိုးရာတွေ၊ ပုံပြင်တွေမှာလည်း ပါထားပြီးသား။ ဒါပေမဲ့ ပုဂံမှာ လူတွေဘယ်လိုနေသလဲ၊ ဥပမာ ကျန်စစ်သားမင်းကြီးလက်ထက်မှာ တောသူတောင်သားတွေအနေနဲ့ ဘယ်လိုနေထိုင်စားသောက်ကြသလဲ။ သာမန်လူတွေအိမ် ဘယ်လိုဆောက်ကြသလဲ။ မြို့ရဲ့ ဗဟိုနေရာကို ထောက်ပံ့ပေးနေတဲ့ ဆင်ခြေဖုံးနေရာတွေမှာ လူတွေဘယ်လို အသက်ရှင်နေထိုင်ကြသလဲ။ လူဦးရေများ လား၊ ဓလေ့စရိုက်၊ ဒါတွေကို ကျွန်တော်တို့က ရေအရင်းအမြစ်၊ နေထိုင်စားသောက်မှု ပုံစံတွေ၊ စိုက်ပျိုးရေးတွေကိုကြည့်ပြီး ငါးနှစ်ပရောဂျက်လုပ်ပြီး လေ့လာပါတယ်”ဟု ဒေါက်တာပြည့်ဖြိုးကျော်က ရှင်းပြသည်။

အဆိုပါသုတေသနလုပ်ငန်းကို ကနေဒါနိုင်ငံ Trent University၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပုဂံခေတ် ကျေးလက်ဒေသများ၊ ရေအသုံးချမှု၊ စိုက်ပျိုးရေးနှင့် လူနေထိုင်မှုများကို ၂၀၁၇ ခုနှစ်မှ စတင်ပြုလုပ်နေခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်ထိ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာဌာနထံမှ သိရသည်။

နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ရသဖြင့် ပြည်တွင်းရှိ ပညာရှင်များ အတွေ့အကြုံကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မလုပ်နိုင်သည့် သုတေသနပြုဓာတ်ခွဲခြင်းများ ပြုလုပ်လာနိုင်မည်ဖြစ်ကာ ပညာတော်သင်များလည်း စေလွှတ်လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

သုတေသနလုပ်ငန်းများပြီးစီးပါက ရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်သက်သေ၊ အထောက်အထားများအရ ပုဂံခေတ်၏ လွန်ခဲ့သည့်နှစ်ပေါင်း နှစ် ၈၀၀၊ ၉၀၀ ခန့်က လူမှုစီးပွားရေး ဓလေ့စရိုက်များကို ပြန်လည်သိရှိနိုင်မည်ဖြစ်ကြောင်း၊ စာပေအထောက်အထား၊ ကျောက်စာအထောက်အထားများအရ ပြောဆိုနေသည်မှ သက်သေအထောက်အထားများဖြင့် ပြောဆိုလာနိုင်မည်ဖြစ်ကြောင်း ကထိကဒေါက်တာပြည့်ဖြိုးကျော်က ပြောကြားသည်။  

M-05


  • VIA