News

POST TYPE

MANDALAY

စစ်တွေလေဆိပ်မြေမှ မြေငှားသူများကို ဖယ်ရှား၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နွားခြံပါဝင်
30-Jul-2018
စစ်တွေ၊ ဇူလိုင် ၃၀ 

ရခိုင်ပြည်နယ် စစ်တွေလေယာဉ်ကွင်းပိုင်မြေကို လုံခြုံရေးအရ ခြံစည်းရိုးကာရံမည်ဖြစ်၍ ယင်းမြေကို ငှားရမ်းလုပ်ကိုင်နေသူများ ဖယ်ရှားရန်ညွှန်ကြားသဖြင့် ဇူလိုင်လ ၂၀ ရက်မှ ယနေ့ထိ ဖယ်ရှားလျက်ရှိကြောင်း အဆိုပါမြေအတွင်း စိုက်ပျိုးရေး လုပ်ကိုင်သူများက ပြောကြားသည်။

အဆိုပါ မြေအတွင်း စိုက်ပျိုးရေး လုပ်ကိုင်သူများက တစ်နှစ်လျှင် တစ်ဧကကို ခြောက်သောင်းကျပ်နှုန်းဖြင့် ၆ နှစ်မှ ၈ နှစ် ကြာမြင့်သည့်အထိ ငှားရမ်းကာ ကွမ်းရွက်၊ ကင်ပွန်းချဉ်၊ ပဲ၊ အလှပန်းပင်များစသည်ဖြင့် ရာသီပေါ် သီးနှံတို့ကို စိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း စိုက်ပျိုးသူများကဆိုကြပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ နို့စားနွား မွေးမြူရေးခြံတစ်ခုလည်း ပါဝင်သည်။

“အဲဒီနေရာတွေက ပန်းစိုက်ကြတယ်။ အဲဒီလိုနေရင်းနဲ့ လူတွေ များလာကြတယ်။ ကျွန်တော်ထင်တယ် နောက်ဆို လူတွေများလာရင် ဖယ်ရှားခိုင်းလို့ရမှာ မဟုတ်တော့ဘူးလို့။ လုံခြုံရေးအရကလည်း သူတို့ဘက်က ပြောတာမမှားပါဘူး။ ဥပဒေအရ သူတို့ဘက်က အကျုံးဝင်ပါတယ်၊ ကျွန်တော်တို့ကလည်း ဥပဒေကို လိုက်နာရမယ်”ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ၏ နွားမွေးမြူရေးခြံတွင် နိုင်ငံခြားနွားမျိုးစိတ် အကောင် ၂၀ ခန့်ရှိပြီး ၎င်းနေရာတွင် လုပ်ကိုင်နေကြသူများမှာ တရားဝင် ငှားရမ်းလုပ်ကိုင်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် တစ်ဦးကိုတစ်ဦး အကူအညီပေးသည့်သဘောဖြင့်သာဖြစ်ကြောင်း ၎င်းကဆက်၍ရှင်းပြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယင်းနေရာကို လုံခြုံရေးအရ ခြံစည်းရိုးကာရံမည်ဖြစ်၍ ကျူးကျော်များအား ဖယ်ရှားရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနအနေနှင့်လည်း ငှားရမ်းထားခြင်းမရှိကြောင်း စစ်တွေ လေဆိပ်တာဝန်ခံမန်နေဂျာ ဦးကျော်စိုးက ရှင်းပြသည်။

အဆိုပါမြေကို ငှားရမ်းလုပ်ကိုင်ရန် ယခင်နှစ်များက စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ကြသော်လည်း ၂၀၁၈ ခုနှစ်အတွက် ငှားရမ်းသည့်အခါ စာချုပ်နှင့်မဟုတ်ကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ဝါကျွတ်တဲ့အထိ စောင့်ပေးပါ တောင်းဆိုခဲ့တယ် မရဘူး။ မရှိတဲ့အထဲက အခုလုပ်ရတာ မလွယ်ဘူး၊ ပိုက်ဆံတွေလည်းကုန် လူတွေလည်း ဒုက္ခ ရောက်တယ်။ ကျွန်တော်တို့မှာ ကျောင်းသားတွေရှိတော့ ဒီမှာလည်း မနေရဘူး၊ ဆိုင်လည်း အဝေးကိုပြောင်းရ၊ အခက်ဖြစ်မှာစိုးလို့ ဒီနားမှာပဲ ငှားပြီးနေဖို့လုပ်ထားတယ်”ဟု ဦးမောင်ထွန်းဝေကဆိုသည်။

ယင်းမြေပေါ်တွင် အိမ်ထောင်စု ၂၃ စု လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ပြီး ဖယ်ရှားခံရသဖြင့် သားသမီးတို့၏ ပညာရေးအတွက်ပါ နစ်နာကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ အိမ်များ ဖယ်ရှားရခြင်းကြောင့် နစ်နာသွားသည့် စိုက်ပျိုးရေးသမားတို့ကလည်း ပြည်နယ်အစိုးရအဖွဲ့ထံ အသနား ခံစာတင်ပြထားကြသည်။

R-22