News

POST TYPE

MANDALAY

ပေါင်းတည်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကြိုးဆွဲချသေဆုံး
ပေါင်းတည်၊ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပေါင်းတည်မြို့တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ကဖြစ်ပွားခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အသက် ၂၅ နှစ်အရွယ် အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်မှာ ပေါင်းတည်မြို့၊ ပျဉ်းပင်ကန်ရပ်ကွက် မီးသတ်လိုင်းခန်းတွင် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်ရဲဘော်တစ်ဦးက ရန်ကုန်-ပြည်လမ်းတွင် ကုက္ကိုပင် ပြိုလဲနေသည်ကို သွားရောက်ရှင်းလင်းရန် လာရောက်ခေါ်ဆောင်စဉ် ၎င်း၏ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကောင်လေးက အသောက်အစားတော့ နည်းနည်းရှိတယ်။ အကြွေးလေး ဘာလေးလည်း ရှိတယ်လို့တော့ ကြားတယ်။ ဘာကြောင့် ကြိုးဆွဲချတယ်တော့ မပြောတတ်ဘူး”ဟု ပျဉ်းပင်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဆွေက ပြောဆိုသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ စုံစမ်းရာတွင် အခင်းမဖြစ်မီညပိုင်းက ယခင်က ကျောက်ကပ်ရောင်၍ ဆေးရုံတက်စဉ် တင်သောအကြွေးများနှင့် လက်ရှိချေးထားသော အကြွေးများ များနေသောကြောင့် စိတ်ညစ်သည်ဟုဆိုကာ အရက်တစ်ပိုင်းသောက်၍ အိပ်ရာဝင်ခဲ့သည်ဟု ၎င်း၏ဇနီးဖြစ်သူထံမှသိရပြီး နံနက်ပိုင်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၈/၂၀၁၈ ဖြင့် အမှုဖွင့်ထားရှိကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပေါင်းတည် မြို့မရဲစခန်းမှ သိရသည်။

M-06