News

POST TYPE

MANDALAY

မန္တလေးတွင် ဝက်သားသတ်စက် စမ်းသပ်လည်ပတ်
30-Jul-2018

မန္တလေး၊ ဇူလိုင် ၂၉

အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာအုပ်စု ညောင်ပင်စောက်ကွင်းတွင် တည်ဆောက်ထားသော ခေတ်မီ သားသတ်ရုံ၌ တပ်ဆင်ပြီးစီးသွားပြီဖြစ်သည့် ဝက်သားသတ်စက်ကို စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့်သားသတ်ဌာနထံမှ သိရသည်။

လက်ရှိတွင် ဝက်သားသတ်လုပ်ငန်းကို ၄၁ လမ်းရှိ ဝက်သားသတ်ရုံ၌သာ ဆက်လက်လုပ်ဆောင်နေပြီး ခေတ်မီသားသတ်ရုံတွင် မလုပ်ဆောင်နိုင်သေးကြောင်း ဈေးနှင့်သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က ပြောကြားသည်။

“အရင်အဟောင်းကနေ မပြောင်းရသေးတာ။ ကျွန်တော်တို့က အပ်ပြီးသွားပြီ။ စမ်းသပ်လည်ပတ်ပြီး Training (လေ့ကျင့်သင်ကြားမှု) လည်း ပေးပြီးသွားပြီ”ဟု ဝက်သားသတ်စက်ကို တင်သွင်းခွင့်ရခဲ့သည့် Mandalay Bay Co., Ltd မှ ဒါရိုက်တာဦးကျော်မျိုးဝင်းက ပြောကြားသည်။

တပ်ဆင်ပြီးစီးသွားသည့် ဝက်သားသတ်စက်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ မတ်လကတည်းက အပ်နှံထားပြီး အဆိုပါစက်ကို ကိုင်တွယ်မည့် ဝန်ထမ်းများကိုလည်း နိုင်ငံခြားသားပညာရှင်က ဧပြီလအတွင်းကပင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ အဆိုပါစက်သည် တစ်နာရီလျှင် ဝက်အကောင် ၅၀ ခန့်အထိ ထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ကျပ်သိန်း ၅၈၀၀ တန်ဖိုးရှိ ဝက်သားသတ်စက်မှ တစ်ရက်လျှင် အကောင်ရေ ၁၈၀ ခန့်အထိ ထုတ်လုပ်ပေးနိုင်ပြီး ရုံတင်သတ်ဖြတ်ခအတွက် တစ်ကောင်လျှင် ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း ဈေးနှင့် သားသတ်ဌာနက ကြေညာထားသည်။

ဘေးကင်းပြီး လတ်ဆတ်သန့်ရှင်းသော အစားအသောက်များ ဖြန့်ဖြူးရောင်းချနိုင်ရန်ရည်ရွယ်၍ ခေတ်မီသားသတ်ရုံတည်ဆောက် ရခြင်းဖြစ်ကြောင်း၊ အဆိုပါသားသတ်ရုံအတွင်း၌ နွား၊ ဆိတ်နှင့် ဝက်များအတွက် လှောင်ခြံများ၊ သားသတ်ရုံများနှင့် အအေးခန်းစနစ်တို့ ပါဝင်ပြီး နွားနှင့်ဆိတ်သားသတ်စက်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက စတင်အသုံးပြုလျက်ရှိကြောင်း ယင်းဌာနထံမှသိရသည်။

“စက်ကတော့ လုပ်လည်းလုပ်တယ်။ ပြီးလည်းပြီးတယ်။ ဒါပေမဲ့ အဲဒီစက်ကို ဘယ်သူမှမသုံးတတ်ဘူး။ ဘာလို့ဆို ဒီတိုင်းလုပ်တာက ပိုလွယ်နေတာလေ။ နောက် Update လုပ်ဖို့ဆိုတာ အလုပ်သမားလူတန်းစားက မကြိုက်ဘူး။ ဒါက သူတို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ယူဆတယ်”ဟု မန္တလေးမြို့ခံ ဦးခင်မောင်ထွန်းက ပြောဆိုသည်။  

M-07