News

POST TYPE

MANDALAY

ပုပ္ပားတောင်ကလပ် ရေထွက်များကို ပြုပြင်ထိန်းသိမ်းမည်
29-Jul-2018
မန္တလေး၊ ဇူလိုင် ၂၈

မြန်မာပြည်အလယ်ပိုင်း၏ အိုအေစစ်ဟု တင်စားခံထားရသော ပုပ္ပားတောင်ကလပ်ရှိ ရေထွက်များကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးခိုင်က ပြောကြားသည်။

သဘာဝအရင်းအမြစ် ရေထွက်များကို ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန် ပုပ္ပားတောင်ကလပ် ထိန်းသိမ်းရေးအဖွဲ့က လွန်ခဲ့သည့်နှစ်လခန့်မှစတင်၍ ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ကြောင်း၊ သုတေသနလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သဖြင့် တိုင်းအစိုးရအဖွဲ့ထံ ဇူလိုင်လတတိယပတ်အတွင်းက တင်ပြထားပြီဖြစ်ကြာင်း ၎င်းက ပြောဆိုသည်။

“ရေထွက်တွေကို ထိန်းသိမ်းဖို့လိုတယ်။ ရေထွက်တွေ ခန်းခြောက်မှာ ကြောက်တယ်။ အညစ်အကြေးတွေပါမှာ ကြောက်တယ်။ ဒါကို သုတေသနလုပ်ဖို့ ဝန်ကြီးချုပ်ကနေ လမ်းညွှန်ချက်ပေးတယ်။ ထိန်းသိမ်းတဲ့လုပ်ငန်းတွေကိုတော့ လာမယ့်ဘတ်ဂျက်ကျမှပဲ လုပ်ဆောင်နိုင်မယ်။ တိုင်းအစိုးရချပေးတဲ့ပေါ်မှာမူတည်ပြီး လုပ်မယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအေးခိုင်က ရှင်းပြသည်။

မူလက ပုပ္ပားကလပ်တွင် သဘာဝရေထွက်ပေါင်းရာကျော်ရှိခဲ့ရာမှ လက်ရှိတွင် ရေထွက်ပေါင်း ၃၅ နေရာသာရှိတော့ကြောင်း၊ ယင်းနေရာများအနက် အကြီးဆုံးဖြစ်သော ရေဆူရေထွက်နှင့် နှမတော် ရေထွက်နေရာများသည် အကြီးဆုံးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

ပုပ္ပားတောင်ကလပ်မှ နှစ်ဖာလုံခန့် ကွာဝေးသည့် အောင်သိဒ္ဓိကုန်းနေရာတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မြေကျွံမှုများဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လကလည်း ပုပ္ပားတောင်ကလပ်ရှိ ဝေဘူလ ကျောင်းနေရာတွင် အက်ကြောင်းများ၊ ကမ်းပါးနံရံပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရှိသည်။ 

M-05



  • VIA