News

POST TYPE

MANDALAY

စည်းကမ်းမဲ့ယာဉ်များကို ယာဉ်ထိန်းတပ်ဖွဲ့နှင့်ပူးပေါင်း၍ အရေးယူမည်
28-Jul-2018


မန္တလေး၊ ဇူလိုင် ၂၈

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဗဟိုထိန်းချုပ်ခန်း (Control Room) မှ ရရှိလာသော ယာဉ်စည်းကမ်း ဖောက်ဖျက်စာရင်းများအား ယာဉ်ထိန်းရုံးသို့ပေးပို့ကာ အရေးယူမည်ဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။

ယင်းစာရင်းများကို သက်ဆိုင်ရာ ယာဉ်ထိန်းရုံးသို့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပေးပို့မည်ဖြစ်ကာ ယာဉ်ထိန်းရုံးက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူသကဲ့သို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကလည်း ယာဉ်လိုင်စင် သက်တမ်းတိုးသည့်အချိန်တွင် အရေးယူမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီစနစ်က အခုမှစတာ။ လက်ရှိလည်း ကျွန်တော်တို့ဆီမှာ ယာဉ်ထိန်းတစ်ယောက် တာဝန်ချထားတယ်။ အရေးကြီးလမ်းကြောင်းတွေတို့ Accident (မတော်တဆထိခိုက်မှု) ဖြစ်လို့ လမ်း Block ဖြစ်သွားတာတို့ဆိုရင် ရုံးမှာရှိတဲ့ယာဉ် ထိန်းနဲ့ မီးပွိုင့်က ယာဉ်ထိန်းတွေ ချိတ်ဆက်ပြီး ယာဉ်ကြောရှင်းတာမျိုး လုပ်ပေးနေတယ်”ဟု ဦးရဲမွန်က ရှင်းပြသည်။

မန္တလေးမြို့တော်အတွင်း တပ်ဆင်ထားသော စီစီတီဗီကင်မရာ ၂၇၆ လုံးနှင့် မြို့တွင်း အဓိကလမ်းမကြီးများဖြစ်သော သိပ္ပံလမ်း၊ ၁၂ လမ်း၊ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းနှင့် ၇၈ လမ်းတစ်လျှောက်ရှိ Sydney Coordinated Adaptive Traffic System (SCATS) စနစ်သုံး မီးပွိုင့် ၃၂ ခုတို့ ချိတ်ဆက် အသုံးပြုမှုအရ စည်းကမ်းဖောက်ဖျက်စာရင်းများသည် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဗဟိုထိန်းချုပ်ခန်း (Control Room) သို့ ရောက်ရှိလာမည်ဖြစ်သည်။

“လောလောဆယ်တော့ စမ်းသပ်ကာလဆိုပြီး ပထမတစ်ခါ ပို့ထားတယ်။ ခုချိန်ထိတော့ နောက်ဆုံးမှတ်တမ်း မပို့သေးပါဘူး။ အဲဒါပို့ရင် ကညနကို ပြန်ပြီးမေးရမယ်။ အဲဒါဆိုရင် လိပ်စာ အတိအကျ ပြန်ပေါ်လာမယ်။ မှတ်တမ်းက ကားနံပါတ်ပဲပေါ်မှာ။ ယာဉ်ပိုင်ရှင်လိပ်စာတွေ မပေါ်ဘူး။ အရေးယူတာကတော့ မော်တော်ယာဉ်ဥပဒေအရ ချလန်ဖြတ်၊ ဒဏ်ငွေ ဆောင်ခိုင်းတာပါပဲ”ဟု အမှတ် (၃) ယာဉ် ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးပွိုင့်များနှင့် စီစီတီဗီကင်မရာများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇူလိုင်လလယ်မှသာ စတင် အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်သည် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ဓာတ်ပုံသာမက ဗီဒီယိုဖြင့်ပါ မှတ်တမ်းတင်ပေးနိုင်သည့်အပြင် စည်းကမ်းဖောက်ဖျက်ခဲ့သည့်နေရာ၊ အချိန်၊ အခြေအနေ၊ ယာဉ်နံပါတ်နှင့် သွားရာလမ်းကြောင်းများကိုလည်း သိရှိနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။ 

M-07