POST TYPE

MANDALAY

ဆုကြေး ကျပ် ၂၅ သိန်းချီးမြှင့်မည့် ဒီဇိုင်နာပြိုင်ပွဲ မန္တလေးတွင်ကျင်းပမည်
27-Jul-2018

မန္တလေး၊ ဇူလိုင် ၂၆

ဆုကြေးငွေ ကျပ် ၂၅ သိန်းချီးမြှင့်မည့် ဒီဇိုင်နာပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် KMS Life Style မှ တာဝန်ရှိသူများက ပြောဆိုသည်။

“မန္တလေးမြို့က ဒီဇိုင်နာတွေက တော်တယ်။ မန္တလေးနဲ့အနီးတစ်ဝိုက်က ဒီဇိုင်နာတွေ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ သူတို့ရဲ့အရည်အချင်းကို မှတ်တမ်းတင်ဖို့ ဆုတွေမရှိဘူး။ ပြိုင်ပွဲတွေမရှိဘူး။ အဲဒီအတွက် Next Top Designer ဆိုတဲ့ ပြိုင်ပွဲကို ကျင်းပဖြစ်တာ”ဟု KMS Life Style ကို ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ဒေါ်မြသီတာက ပြောကြားသည်။

ပြိုင်ပွဲဝင်လိုသူများအနေနှင့် ၆၆ လမ်းနှင့် ၃၅ လမ်းထောင့်ရှိ မြပါဝါ ဓာတ်ဆီဆိုင်နှင့် ရွိုင်ရယ်မင်္ဂလာဟိုတယ်၏ ဧည့်ကြိုကောင်တာတွင် ဇူလိုင်လ ၂၆ ရက်မှစတင်ကာ လျှောက်လွှာများကို အခမဲ့ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၁၀ ရက် နေ့နောက်ဆုံးထား ပြန်တင်ရမည်ဖြစ်သည်။ 

လျှောက်ထားသူများကို ဩဂုတ်လ ၁၅ ရက်နေ့တွင်လူတွေ့ စစ်ဆေးမည်ဖြစ်ကာ ဆန်ခါတင် ၂၅ ဦးကို ရွေးချယ်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဒီဇိုင်နာများအနေနှင့် ဆန်ခါတင်ရွေးချယ်မည့်နေ့တွင် ကြိုက်နှစ်သက်သည့်ဝတ်စုံဖြင့် ယှဉ်ပြိင်နိုင်သော်လည်း ပြိုင်ပွဲနေ့တွင်မူ ညနေခင်းပွဲတက် ဂါဝန် (Evening Dress) ကို မော်ဒယ်လ်အား ဝတ်ဆင်စေပြီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ရွိုင်ရယ်မင်္ဂလာဟိုတယ်၌ စက်တင်ဘာလ ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် ကျပ် ၂၅ သိန်း ချီးမြှင့်မည်ဖြစ်သည်။  

M-07