News

POST TYPE

MANDALAY

အမှိုက်လွှဲပြောင်းစခန်းထားသင့်ကြောင်း မန္တလေးစည်ပင်က ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ စည်ပင်အရာရှိများကို အကြံပြု


မန္တလေး၊ ဇူလိုင် ၂၆

မြို့တွင်းမှထွက်ရှိသော အမှိုက်များကို အမှိုက်ကျင်းသို့မစွန့်ပစ်မီ အခေါက်ရေများစွာ သိမ်းဆည်းပေးနိုင်မည့် အမှိုက်လွှဲပြောင်းစခန်းများထားရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာသစ်ဆင်းက အကြံပြုပြောကြားသည်။ 

စည်ပင်သာယာရေးအဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ၏ အစီအစဉ်တစ်ခုအဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများကို လာရောက်လေ့လာသော ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ စည်ပင်သာယာရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများနှင့် အမှုဆောင်အရာရှိများကို ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

အမှိုက်ကျင်းများသည် မြို့နှင့်ကွာဝေးပါက အမှိုက်လွှဲပြောင်းစခန်းထားရှိရန် လိုအပ်ကြောင်း၊ အမှိုက်လွှဲပြောင်းစခန်းထားရှိပါက မြို့တွင်းမှ စွန့်ပစ်သည့်အမှိုက်များကို အချိန်တိုအတွင်း ခေါက်ရေများစွာသယ်ယူနိုင်မည်ဖြစ်၍ ကုန်ကျစရိတ်လည်း သက်သာမည်ဖြစ်ကြောင်း ဒေါက်တာသစ်ဆင်းက ပြောဆိုသည်။

“မြို့နဲ့ဝေးတဲ့ကြာနီကန်ကို ကားနဲ့ သွားပို့ရတဲ့အခေါက်အရေအတွက် ဆီကုန်တယ်။ ကားနာတယ်။ အလုပ်လည်း မတွင်ဘူး။ အချိန်လည်းကုန်တယ်၊ မထိရောက်ဘူး”ဟု ကော်မတီဝင် ဒေါက်တာသစ်ဆင်းက လာရောက်လေ့လာသူများကို ရှင်းပြခဲ့သည်။

မန္တလေးတောင်ခြေအရှေ့ဘက် ပတ်လမ်းရှိသော အမှိုက်လွှဲပြောင်းစခန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခြင်းဖြစ်ပြီး ယခုနှစ်မေလမှ စတင်အသုံးပြုကြောင်း၊ ယင်းစခန်း တည်ဆောက်မှုအနေနှင့် ကျပ်သိန်း ၁၁၀၀ ခန့် ကုန်ကျခဲ့ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့မှ အမှိုက်များကို လွှဲပြောင်းလက်ခံနေကြောင်း၊ ယင်းမြို့နယ်တို့မှ ထွက်သော အမှိုက်များကို သုံးဘီးဆိုင်ကယ် ၈၀ စီး၊ အမှိုက်ကန်ယာဉ် ၁၇ စီး၊ အမှိုက်သိမ်း ယာဉ် ၂၀ စီးတို့ဖြင့်သယ်ယူကာ အမှိုက်တန်ချိန် ၁၅၀ ကို နေ့စဉ်လွှဲပြောင်းပေးနေကြောင်း သန့်ရှင်းရေးဌာန၊ ဌာနမှူးဦးလှမျိုးက ပြောကြားသည်။

“အချိန်တိုအတွင်း အခေါက်ရေများများ ဆောင်ရွက်ပေးနိုင်လာတယ်။ ကားမောင်းရတဲ့ အင်ဂျင်အသုံးပြုမှု၊ ယာဉ်မောင်းတွေရဲ့ Stress (ဖိအား) တွေကိုလည်း လျှော့ချပေးနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါအမှိုက်လွှဲပြောင်းစခန်းသည် ယခင်ကခွေးဂေဟာဖြစ်ကာ ယခုကဲ့သို့ ပြောင်းလဲတည်ဆောက်ပြီးချိန်တွင် ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန၊ သန့်ရှင်းရေးဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် စီစဉ်ပေးထားကြောင်း၊ ရေရှည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ နေရာပေးထားခြင်းဖြစ်ကြောင်း၊ နေ့စားခ တစ်ရက် ၄၈၀၀ ကျပ်အပြင် အညစ်အကြေးကိုင်တွယ်ခ၊ အချိန်ပိုညကြေး၊ အမှိုက်မှနေ၍ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများ ရောင်းချငွေသည် ၎င်းတို့အတွက် အပိုဝင်ငွေဖြစ်ကြောင်း ကော်မတီဝင် ဒေါက်တာသစ်ဆင်းက ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် လုပ်ဆောင်ပေးထားသည်ကို ရှင်းပြခဲ့သေးသည်။  

M-07