News

POST TYPE

MANDALAY

မန္တလေးတွင် သစ်ခွဲသားများ ရောင်းပေး


မန္တလေး၊ ဇူလိုင် ၂၅

မြန်မာ့သစ်လုပ်ငန်း မန္တလေး အမှတ် ၁ သစ်ဆိုင်မှနေ၍ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အများပြည်သူသို့ တစ်လလျှင် သစ်ခွဲသား တန်တစ်ရာ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှသိရသည်။

အိမ်ထောင်စုတစ်စုအတွက် ဒသမ ၂ တန် (သစ်တစ်တန်၏ ငါးပုံတစ်ပုံ) နှုန်း (သို့မဟုတ်) သစ်ခွဲသား ဒသမ ၅တန် (တစ်တန်၏ ထက်ဝက်) သာ အများဆုံး ဝယ်ယူနိုင်မည်ဖြစ်ပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် တစ်ကြိမ်သာရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၊ တိုင်းမန်နေဂျာဦးထွန်းထွန်းဦးက ပြောကြားသည်။

“လျှောက်လွှာတွေ စာရွက်စာတမ်းတွေ အဆင့်ဆင့်နဲ့ ရောင်းနေတာ မကြိုက်ဘူး။ ပြည်သူလူထုက ရော့ပိုက်ဆံ၊ ပေးသစ်ဆိုပြီး တစ်ခါတည်းရောင်းပေးတာမျိုး သဘောကျတယ်”ဟု ၎င်းက ပြောဆိုသည်။

သစ်ခွဲသားဝယ်ယူမည်ဆိုပါက မှတ်ပုံတင်၊ အိမ်ထောင်စု၊ ရပ်ကွက်မှာနေထိုင်ကြောင်း ထောက်ခံစာနှင့်အတူ ဝယ်ယူပါက တစ်ခါတည်း ရောင်းပေးမည် ဖြစ်ကြောင်းနှင့် သစ်ခွဲသား တန်ဝက် ဝယ်ယူမည်ဆိုပါက လျှောက်လွှာတွင် အိမ်ကိုပြုပြင်ရန် အမှန်တကယ် လိုအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထောက်ခံချက်လိုအပ်ပြီး ရောင်းချရေး ကော်မတီက ပြန်လည်စိစစ်မည်ဟု ဦးထွန်းထွန်းဦးက ရှင်းပြသည်။

အင်အမျိုးအစား သစ်ခွဲသားတစ်တန်လျှင် သယ်ယူပို့ဆောင်ခအပါအဝင် ၄၃၀,၀၀၀ ကျပ် ဈေးဖြစ်သောကြောင့် ဒသမ ၂ တန်လျှင် ၈၆,၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး အခြားသစ်အမျိုးအစားများကိုလည်း ဝယ်ယူသူ၏တောင်းဆိုမှုအပေါ် မူတည်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းထံမှသိရသည်။

သစ်ခွဲသားဝယ်ယူသူများအနေနှင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့် ကိုယ်တိုင်လာရောက်ဝယ်ယူရမည်ဖြစ်ပြီး အမှန်တကယ် သုံးစွဲမည့်သူလက်ထဲသို့ ရောက်စေချင်ကြောင်း ဦးထွန်းထွန်းဦးက ထပ်မံပြောကြားသည်။ 

“သစ်ဝယ်ပြီး ဈေးကွက်တစ်ခုအနေနဲ့ ပြန်ရောင်းစားလို့ အမြတ်ရတယ်ဆိုတဲ့ အမြင်မျိုးနဲ့ဆိုရင် ဒီလုပ်ငန်း အောင်မြင်မှာမဟုတ်ဘူး။ ဝန်ထမ်းတွေကိုလည်း စည်းစနစ်နဲ့ ထိန်းသိမ်းသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

အင်သစ်ခွဲသား သစ်တစ်တန်လျှင် ပြင်ပပေါက်ဈေးမှာ ၆၈၀,၀၀၀ ကျပ်ခန့် ရှိသောကြောင့် လူတစ်ဦးအတွက် အလွယ်တကူ ဝယ်ယူရရှိသော ဒသမ၂ တန်လျှင် ကျပ် ၅၀,၀၀၀ ခန့်သက်သာမည်ဖြစ်ကြောင်း သစ်ခွဲသားရောင်းသူ အချို့ထံမှ သိရသည်။

အိမ်ထောင်စုတစ်စုအတွက် သစ်ခွဲသား ဒသမ ၂ တန် (သို့) ဒသမ ၅ တန်ရောင်းချမည့်ပမာဏသည် အိမ်တစ်လုံးကို အသေးစားပြင်ဆင်ရန် လိုအပ်နေသူများအတွက် လုံလောက်သောပမာဏဖြစ်ကြောင်း မန္တလေးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုဇော်မင်းထွန်းရှိန်က ပြောကြားသည်။ 

“ဈေးလည်းသင့်တယ်။ အပြင်သစ်ခွဲ စက်မှာက သစ်ဈေးက အရမ်းကြီးတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာ့သစ်လုပ်ငန်း၏ ရှေ့ပြေးအစီအစဉ် (Pilot Project) အဖြစ် မန္တလေးမြို့ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အမှတ် ၁ သစ်စက်သည် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်နေပြည်သူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ပြီး မုံရွာ၊ တောင်ကြီးမြို့ရှိ သစ်စက်များတွင်လည်း ရောင်းချပေးရန်ရှိကြောင်း ယင်းဌာနထံမှသိရသည်။  

M-08