News

POST TYPE

MANDALAY

စစ်ကိုင်း ရှေးဟောင်းသိမ်တော်ကြီး ရေတားနံရံတည်ဆောက်ပြီးစီး
25-Jul-2018

မန္တလေး၊ ဇူလိုင် ၂၄

မြန်မာ-ထိုင်း နံရံဆေးရေးပန်းချီများတွေ့ရသော စစ်ကိုင်းမြို့ မဟာသိမ်တော်ကျောင်းတိုက်ရှိ ရှေးဟောင်းမဟာ သိမ်တော်ကြီး ရေတားနံရံပြုလုပ်ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်လုပ်ဆောင်နေသည့် တမ္ပဝတီ ဦးဝင်မောင်က ပြောကြားသည်။

မဟာသိမ်တော်ကျောင်းတိုက်ရှိသောနေရာသည် နှစ်စဉ်ရေဝင်လေ့ရှိရာ ရေခိုးရေငွေ့များနှင့် သိမ်တော်ကြီးအမိုးမှ ရေယိုခြင်းတို့ကြောင့် နံရံဆေးရေး ပန်းချီများ ပျက်စီးနေမှုကိုကာကွယ်နိုင်ရန် ရေထိန်း နံရံ တည်ဆောက်ရခြင်းဖြစ်ပြီး ဇူလိုင်လဒုတိယပတ်က စတင်ပြုလုပ်နေခြင်းလည်းဖြစ်သည်။

ရေတားနံရံကို သိမ်တော်ကြီး၏ ရှေးဟောင်းတံတိုင်းမှနေ၍ ၁၆ ပေအကွာတွင် အမြင့် ၇ ပေနှင့် အကျယ်လျှောစောက် ၁၀ ပေဖြင့် လေးဖက်စလုံး ပြီးစီးသွားပြီဖြစ်သော်လည်း ကွန်ကရစ်ချုပ်တန်း၊ အတက်အဆင်းပြုလုပ်နိုင်သည့် လှေကားများပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း၊ လုပ်ငန်းအားလုံးပြီးစီးပါက ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ထိုင်းနိုင်ငံမှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ရှင်းပြသည်။

ယိုးဒယားလက်ရာနံရံဆေးရေး ပန်းချီများကို သိမ်တော်ကြီးဝင်ပေါက်နှင့် ပေါင်းကူးနေရာများတွင်တွေ့ရပြီး သုတေသနပြုလုပ်မှုများအရ နှစ်ပေါင်း ၂၀၀ နီးပါးခန့် သက်တမ်းရှိပြီဟု ယူဆရကြောင်း၊ သိမ်တော်ကြီးတစ်ခုလုံးကို ပေ ၈၀ ခန့်ရှိ သံပေါင်ကူးအမိုးခုံးများ ပြုရန်ရှိသေးရာ အနည်းဆုံး ထိုင်းဘတ်ငွေ သုံးသန်းခန့် ကုန်ကျနိုင်ကြောင်း ယိုးဒယား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ရှေးဟောင်းမဟာသိမ်တော်ကြီးသည် စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်၊ မဟာသိမ်တော်ကျောင်းတိုက်တွင်တည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွားများဝင်ရောက်ရာ ခရီးသွားဇုန်အဖြစ် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဖော်ဆောင်ထားသည်။

M-05