News

POST TYPE

MANDALAY

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးမည့် တက္ကသိုလ်ကျောင်းသားများကိုရွေးချယ်
24-Jul-2018


မန္တလေး၊ ဇူလိုင် ၂၄

မန္တလေးမြို့တော်တွင်ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ထည့်သွင်းစီစဉ်ထားသော စာပေစကားဝိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကို ရွေးချယ်ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပနိုင်ရေး ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် စာပေစကားဝိုင်း ထည့်သွင်းကျင်းပရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ခြင်းဖြစ်ကြောင်း၊ အထက်တန်းအဆင့် ကျောင်းသားလူငယ်များနှင့် ပြောဆိုဆွေးနွေးလိုသော်လည်း အထက်တန်းဆင့်အရွယ်သည် ငယ်ရွယ်လွန်းခြင်း၊ ပြင်ပ စာပေအတွေ့အကြုံ နည်းပါးခြင်းတို့ကြောင့် တက္ကသိုလ်အဆင့် ကျောင်းသားလူငယ်များနှင့် ဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါက်တာဖေမြင့်က ပြောဆိုသည်။

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ရာ အဆိုပါကျောင်းသား ကျောင်းသူများသည် စာဖတ်သူများဖြစ်ပြီး စကားပြောဆိုရာတွင်လည်း ယုံကြည်မှုအပြည့်ဖြင့် ပီသပြည့်စုံစွာ ပြောဆိုနိုင်သည့်အတွက် ကျေနပ်အားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“လူငယ်တွေ စာမဖတ်ဘူးလို့ ပြောပြောနေကြတာဟာ လုံးဝ ဥဿုံမှန်ကန်တဲ့စကား မဟုတ်ဘူးဆိုတာ ဒီလူငယ်တွေနဲ့ ဆွေးနွေးဝိုင်းပြီးရင် သိပါလိမ့်မယ်။ မန္တလေးမြို့က လူငယ်တွေ စာဖတ်တယ်ဆိုတာ သိပါလိမ့်မယ်”ဟု ဒေါက်တာဖေမြင့်က ရှင်းပြသည်။

မန္တလေးမြို့တွင် ကျင်းပခဲ့ဖူးသော ကလေးစာပေပွဲတော်နှင့် ငြိမ်းချမ်းရေး ရက်သတ္တပတ်ပွဲတော်တွင် စာအုပ်များ စံချိန်တင် ရောင်းချရကြောင်း၊ စာပေနှင့်ပတ်သက်ပါက မန္တလေးမြို့သည် အစဉ်အလာရှိသည့်မြို့ဖြစ်ကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖြည့်စွက်ပြောဆိုသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဩဂုတ် လ ၁၁ မှ ၁၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားအကြောင်းအရာများ၊ လူငယ်အစီအစဉ်များ၊ စာပေနှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။

M-07