News

POST TYPE

MANDALAY

မန္တလေးကျောက်ဝိုင်း CCTV ကင်မရာ ၃၁ လုံး တပ်ဆင်မည်
22-Jul-2018


မန္တလေး၊ ဇူလိုင် ၂၁

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) တွင် လုံခြုံရေးကင်မရာ CCTV ၃၁ လုံး ဇူလိုင်လမကုန်မီ တပ်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ 

ယင်းကင်မရာများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်ဖြင့် တပ်ဆင်ပေးခြင်းဖြစ်ကြောင်း မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်တောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

“ကျောက်ဝိုင်းအတွင်းမှာ ကျောက်အတုရောင်းချမှု၊ ရောင်းမှားဝယ်မှားကိစ္စ၊ ဒုစရိုက်မှုတွေလျော့ကျစေဖို့ စောင့်ကြည့်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

ယင်း CCTV ကင်မရာများကို ကျောက်ဝိုင်းအဝင်အထွက် တံခါးပေါက်များ၊ လုံခြုံရေးအားနည်းသောနေရာ၊ မြင်ကွင်းကျယ် မြင်ရမည့်နေရာများနှင့် လူစည်ကားသော နေရာများတွင်တပ်ဆင်ရန် ကျောက်ဝိုင်း အကျိုးတော်အဖွဲ့က စီစဉ်ထားသည်။

ကျောက်ဝိုင်းအတွင်းတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားမည်ဆိုပါက ရောင်းမှားဝယ်မှားပြဿနာကို CCTV မှတ်တမ်းများမှတစ်ဆင့် ဖြေရှင်းနိုင်မည့်အပြင် ကျောက်အတုရောင်းချသူများကိုလည်း စောင့်ကြည့်ဖမ်းဆီးနိုင်မည်ဟု ကျောက်ဝိုင်းအတွင်းရှိ ကျောက်ကုန်သည်အချို့က ပြောကြားသည်။

အဆိုပါ CCTV ကင်မရာမှတ်တမ်းများကို ကျောက်ဝိုင်းအုပ်ချုပ်ရေးမှူးရုံးမှ စောင့်ကြည့်သွားမည်ဖြစ်ပြီး ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းအချို့သည်လည်း ကိုယ်ပိုင် CCTV များတပ်ဆင်ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရောင်းဆိုင်ခန်း ၁၁၁၇ ဆိုင်ရှိသည်။ 

M-08


  • VIA