News

POST TYPE

MANDALAY

ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအိတ် ကောက်ရသူ ပိုင်ရှင်ထံပြန်အပ်
20-Jul-2018


မန္တလေး၊ ဇူလိုင် ၁၉

မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအတွင်းမှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်အိတ်ကို ဂျာနယ်လက်ပွေ့ရောင်းသူ တစ်ဦးသည် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကောက်ရခဲ့ပြီး ပိုင်ရှင်ထံပြန်အပ်ခဲ့ရာ ပစ္စည်းကျပျောက်ခဲ့သည့် ကျောက်ရောင်း ဝယ်သူက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျပ်နှစ်သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ဂုဏ်ပြုပေးအပ်ခဲ့သည်။ 

“အကျိုးတော်ဆောင်ရုံးကိုလာအပ်တဲ့ ကိုအောင်သူကို ကျေးဇူးအရမ်းတင်တယ်။ ကျွန်တော်လည်း လက်လုပ်လက်စား ပွဲစားပါပဲ”ဟု ပစ္စည်းကျ ပျောက်ခဲ့သူ ဦးအောင်အောင်က ပြောကြားသည်။

ဂျာနယ်ရောင်းချသူ ကိုအောင်သူသည် ကျောက်ဝိုင်းအတွင်းမှ ကျောက်စိမ်းပွင့် ၁၄ ပါ ဘယက်ဆွဲကြိုးတစ်ကုံး၊ ကျောက်စိမ်း အရည်ပွင့်လက်စွပ်နှစ်ကွင်း၊ ကျောက်စိမ်းနှစ်ပွင့်၊ ကျောက်စိမ်းတစ်စ (ဖြတ်စ) ငါးစပါရှိသော သရေအိတ်တစ်လုံး ကောက်ရခဲ့ပြီး အကျိုးတော်ဆောင်ရုံးသို့ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် လာရောက်အပ်နှံခဲ့ကြောင်း အကျိုးဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

ကျောက်ထုပ်ကျပျောက်သူပိုင်ရှင် ဦးအောင်အောင် (ကျောက်ပွဲစား) သည် အကျိုးတော်ဆောင်ရုံးသို့ လာရောက် စုံစမ်းမေးမြန်းခဲ့ရာ ၎င်း၏ပစ္စည်းများဖြစ် ကြောင်းမှန်ကန်သဖြင့် ကိုအောင်သူ (ဂျာနယ်လက်ပွေ့ရောင်းသူ) အား ခေါ်ယူစေပြီး ပိုင်ရှင်ထံ ပြန်လည်ပေးအပ်စေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ကျောက်စိမ်းအိတ် ကျပျောက်သည့် ပိုင်ရှင်ကိုမသိသော်လည်း ကိုယ်ချင်းစာစိတ်ဖြင့် အကျိုးဆောင်ရုံးသို့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျာနယ်လက်ပွေ့ ရောင်းသည့် ဦးအောင်သူက ပြောကြားသည်။

“တွေ့တွေ့ချင်း အကျိုးဆောင်ရုံးကို သွားပေးလိုက်တာ။ အခုလို ဂုဏ်ပြုတာကို ကျေနပ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ်အတွင်း ကျောက်ဝိုင်းအတွင်း၌ ကျပျောက်သော ကျောက်များအား တွေ့ရှိသူက အကျိုးတော်ဆောင်ရုံးသို့ လာရောက်အပ်နှံခဲ့သည့်ဖြစ်စဉ် ၁၀ ခု ကျော်ရှိပြီး လာရောက်အပ်နှံသည့် ကျောက်များအနက် တန်ဖိုးအမြင့်ဆုံးမှာ ကျပ် သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်း ဖြတ်စများဖြစ်ကြောင်း အကျိုးတော်ဆောင်ရုံးမှတ်တမ်းများအရ သိရသည်။ 

M-08


  • VIA