News

POST TYPE

MANDALAY

မြန်မာ့အရှည်ဆုံး အင်ကြင်းကျောက် ခိုးယူရောင်းချခြင်းမရှိစေရန် စောင့်ကြည့်


မန္တလေး၊ ဇူလိုင် ၁၉

ကျောက်ပန်းတောင်းမြို့နယ်တွင် တွေ့ရှိထားသော မြန်မာနိုင်ငံ၏ အရှည်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းအင်ကြင်းကျောက် ပြည်ပနိုင်ငံများသို့ ခိုးယူရောင်းချခြင်း မပြုလုပ်နိုင်ရန် စောင့်ကြပ်ကြည့်ရှုနေရကြောင်း ပုပ္ပားတောင်ချစ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးတိုးက ပြောကြားသည်။

“ပျက်စီးသွားအောင် တူးပစ်တာ မျိုးမလုပ်ဖို့၊ ပိုင်းဖြတ်ပြီးတော့ ခိုးရောင်းတာတွေမလုပ်ဖို့၊ ကျောက်ဖြစ်ရုပ်ကြွင်း ပေါ်တက်တာတွေ မလုပ်နိုင်ဖို့ စောင့်ကြည့်ထိန်းသိမ်းနေတယ်။ သဘာဝအမွေ အနှစ်တစ်ခုအနေနဲ့ မပျက်စီးအောင်ပါ”ဟု ၎င်းက ပြောဆိုသည်။

ယင်းကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်ကို ကျောက်ပန်းတောင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်းအတွင်း၌ ပုပ္ပားတောင် ချစ်သူများအသင်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်းအတွင်း၌ လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ခန့်က အင်ကြင်းကျောက်များကို ပေါများစွာတွေ့ရှိရပြီး သက်ရှိသတ္တဝါမျိုးစုံတို့၏ ကျောက်ဖြစ် ရုပ်ကြွင်းများကိုလည်း အနီးပတ်ဝန်းကျင်နေရာများတွင် တွေ့ရကြောင်း၊ ယခုတွေ့ရှိထားသော ကျောက်ဖြစ်ရုပ်ကြွင်းသည် မြေပြင်ပေါ်နေသည့်အပိုင်းပင် ပေ ၁၄၀ နှင့် လုံးပတ် ၁၃ ပေခန့်ရှိကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းထံမှ သိရသည်။

ယင်းကျောက်ဖြစ်ရုပ်ကြွင်းကို စနစ်တကျ ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာအမိကမ္ဘာ စခန်းသာဖြစ်မြောက်ရေးကော်မတီ၊ ပုပ္ပားတောင် ချစ်သူများအသင်းနှင့်ဒေသခံများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ထိန်းသိမ်းစောင့်ကြည့်နေကြောင်း ဦးတိုးက ထပ်လောင်းပြောကြားသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ပုပ္ပားတောင်နှင့် အနီးတစ်ဝိုက်ကို ယူနက်စကိုအသိအမှတ်ပြု (ပုပ္ပားတောင် အမိကမ္ဘာစခန်းသာ) အဖြစ် ဖော်ဆောင်နိုင်ရန် သုတေသနပြုလုပ်ခြင်းနှင့် အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ပုပ္ပားတောင် ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာဖြစ်မြောက်ရေး ကော်မတီက ပြုလုပ်လျက်ရှိသည်။ 

ဓာတ်ပုံ - ပုပ္ပါးတောင်ချစ်သူများအသင်း
M-05