News

POST TYPE

MANDALAY

မြေစလစ်အတုပြဿနာကို မန္တလေးတိုင်းအစိုးရ စစ်ဆေး
20-Jul-2018

မန္တလေး၊ ဇူလိုင် ၁၉

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဂရန်လျှောက်ထားသူများအနက် မြေစလစ်အတုများ ပါဝင်နေခြင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးနေဆဲဖြစ်၍ ယင်းအဖွဲ့ ထံမှအစီရင်ခံစာ ထွက်လာချိန်တွင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မြေစလစ်အတုတွေ အများကြီးရှိနေတယ်။ မကြာခင်မှာအဖြေတစ်ခု ထွက်လာပါလိမ့်မယ်”ဟု ဒေါက်တာစိုးသန်းက ထပ်မံပြောဆိုသည်။

မြေစလစ် (မြေချထားမိန့်ပါမစ်) အတုများနှင့်ပတ်သက်၍ ထိရောက်သော အရေးယူမှုများပြုလုပ်သင့်ကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့က ပြောကြားသည်။

မြေစလစ်အတုများကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်လည်း ရောင်းမှား ဝယ်မှားပြဿနာများစွာရှိနေပြီး နားမလည်သောသူအများစုသည် ယင်းအကျိုးဆက်ကို ခံစားနေရကြောင်း ၎င်းတို့က ပြောဆိုသည်။

မြေစလစ် အတုကိစ္စများနှင့်ပတ်သက်၍ အကျင့်ပျက်ဝန်ထမ်းများလည်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း မန္တလေးမြို့တော်ရှိ ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးမျိုးမြင့်အောင်က သုံးသပ်သည်။

လတ်တလောတွင် စလစ်အတု ပြဿနာများကိုဖြေရှင်းနေပြီး မန္တလေးတိုင်းအစိုးရအဖွဲ့၏ညွှန်ကြားချက်ကြောင့် မြေဂရန်ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြေစလစ်အတုများနှင့်ပတ်သက်၍ ပြဿနာအဖြစ်များဆုံးမြို့နယ်မှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

M-08