News

POST TYPE

MANDALAY

မန္တလေးတွင် နိုင်ငံတကာကျောက်မျက်ပြပွဲ ကျင်းပနိုင်ရန်ပြင်ဆင်
19-Jul-2018



မန္တလေး၊ ဇူလိုင် ၁၈

နိုင်ငံတကာ ကျောက်မျက်ပြပွဲတစ်ခုကို မန္တလေးမြို့တော်၌ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

တန်ဖိုးမြင့် တွင်းထွက်ကျောက် မျက်ရတနာများကို မြန်မာနိုင်ငံကထွက်ရှိကြောင်း ကမ္ဘာ့နိုင်ငံများသိစေရန်နှင့် ပြည်တွင်းဈေးကွက်သာရှိသော ရတနာမောလ် ကျောက်မျက်ရတနာဈေးကို ပြည်ပဈေး ကွက်ရရှိနိုင်ရန်ရည်ရွယ်၍ ယင်းပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဦးသိန်းဝင်းက ပြောဆိုသည်။

“အခြေခံကောင်းနှစ်ခုဖြစ်တဲ့ ကျောက်မျက်ရတနာဈေးကြီးနဲ့ ကျောက်စိမ်းဈေးရှိတယ်။ အခြေခံကောင်းတွေရှိတဲ့မြို့မှာ ကျွန်တော်တို့ လုပ်သင့်တယ်ဆိုတဲ့ အသိလေးတစ်ခုပေါ့”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော်ရှိ ရတနာမောလ် ကျောက်မျက်ရတနာဈေးတွင် နိုင်ငံတကာကျောက်မျက်ပြပွဲများ ကျင်းပနိုင်လျှင် ပြည်ပသို့ သွားရသော ခရီးစရိတ်၊ တည်းခိုစရိတ်နှင့် ဆိုင်ခန်းငှားရမ်းခများ သက်သာသွားမည်ဟု နိုင်ငံတကာပြပွဲများတွင် သွားရောက်ရောင်းချသူ ကျော့ရှင်းရတနာ ကျောက်မျက်အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်နီလာကျော်က ပြောကြားသည်။

“ပြည်ပကိုသွားရောင်းတဲ့အခါ အခက်အခဲတွေကအများကြီး။ ဒီမှာလုပ်မယ်ဆိုရင် ဆိုင်ခန်းပိုင်ရှင်တွေ ဝမ်းသာမိမှာ အမှန်ပါ”ဟု ၎င်းက ပြောဆိုသည်။

ကျောက်မျက်ပြပွဲကြောင့် ရတနာမောလ်ကို ပြည်တွင်း၊ ပြည်ပကအာရုံစိုက်မှု၊ အသိအမှတ်ပြုမှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း မြရွှေစင်ထွန်းကျောက် စိမ်းအချောထည်အရောင်းဆိုင်ပိုင်ရှင် ဦးနေထွန်းဦးက ပြောကြားသည်။

“ဆိုင်တွေရဲ့ ရောင်းအားလည်း အနည်းနဲ့အများတက်လာမှာပါ။ အကျိုးကျေးဇူးရှိနိုင်ပါတယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

ကျောက်မျက်ပြပွဲနှင့်ပတ်သက်၍ ညှိနှိုင်းလုပ်ဆောင်ရမည့်ကိစ္စများ ကျန်ရှိနေသေးပြီး သက်ဆိုင်ရာအစိုးရအဖွဲ့၏ လမ်းညွှန်ချက်၊ ခွင့်ပြုချက်များခံယူ၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များက ပြောကြားသည်။

ယင်းပြပွဲတွင် ကျောက်စိမ်းအချောထည်၊ ပုလဲ၊ ပယင်းနှင့် လက်ဝတ်ရတနာများကို ရတနာပုံဈေးနှစ်လွှာရှိ ရတနာမောလ် ကျောက်မျက်ရတနာဈေးတွင် ခင်းကျင်းပြသနိုင်ရန် ယင်းကော်မတီက စီစဉ်ထားသည်။ 

ရတနာမောလ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကျောက်မျက်ရတနာဈေးဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။  

M-08