News

POST TYPE

MANDALAY

နန်းဘုရားပြုပြင်ရန် ဂျာမနီနိုင်ငံပညာရှင်များ ကွင်းဆင်းသုတေသနပြုလုပ်
18-Jul-2018
မန္တလေး၊ ဇူလိုင် ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး သဲကျောက်ဖြင့်တည်ဆောက်ထားသည့် နန်းဘုရားကို ဂျာမနီနိုင်ငံမှပညာရှင်များ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန် ကွင်းဆင်းသုတေသန ပြုလုပ်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) လက်ထောက်ညွန်ကြားရေးမှူး ဦးကြည်လင်က ပြောကြားသည်။

ဂျာမနီနိုင်ငံ GBSCP University of Applied Sciences Cologne မှ ပါမောက္ခ ဒေါက်တာ Hans Leisen ဦးဆောင်သည့် ကျောက်ထိန်းသိမ်းမှုပညာရှင် ငါးဦးသည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ဓာတ်ပုံရိုက်ကူးခြင်း၊ Drone ဖြင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ပျက်စီးနေရာများကို ဇူလိုင်လ ၁၇ ရက်နေ့မှစတင်ကာ မှတ်တမ်းတင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနေရာက ကျောက်တွေ အက်ကွဲနေတဲ့နေရာ၊ ဒီနေရာက ကျောက်တွေ ဆားပွင့်တွေတက်နေသလား စသည်ဖြင့် ဒါတွေကို သိရအောင် အရင်ဆုံးလုပ်မှာ။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာထိုးပြီးမှ လုပ်တာ။ သူတို့အနေနဲ့ အချိန်ဘယ်လောက်ကြာမယ် ဆိုတာတော့မပြောဘူး”ဟု ဦးကြည်လင်းက ရှင်းပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံ၊ နန်းဘုရား၊ ကျောက်ဂူဥမင်၊ တူရွင်းတောင်တွင်ရှိသည့် စက္ကူတိုက်၊ သဗ္ဗညုဘုရားရှေ့ရှိ သဗ္ဗညုခေါင်းလောင်းတိုင် စသည်တို့သည် ထင်ရှားသည့် သဲကျောက်ဖြင့် ပြုလုပ်ထားသော အဆောက်အအုံများဖြစ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်မည့် နန်းဘုရား၏ အချို့နေရာများတွင် မျက်နှာပြင်ဆားပွင့်တက်ခြင်း၊ ဆွေးမြည့်ခြင်း၊ ကျောက်တုံးအချို့ အက်ကွဲခြင်းများ၊ ကျောက်သားမျက်နှာပြင်ပေါ်တွင် ရေညှိရေမှော်တက်ခြင်းများရှိနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပြုပြင်ထိန်းသိမ်းမည့် ကျောက်ထိန်းသိမ်းမှုပညာရှင်အဖွဲ့နှင့်အတူ ကျောက်ထည်ပြုပြင်ထိန်းသိမ်းရာတွင် အသုံးပြုသော နှစ်တန်ခန့် အလေးချိန်ရှိ ကျောက်စက်ကြီးတစ်လုံးနှင့် ကျောက်မှုန့်များကို စနစ်တကျသန့်စင်သည့် ကျောက်စက်တစ်လုံးတို့ ပါရှိလာကြောင်း၊ ယင်းအဖွဲ့အနေနှင့် ပဏာမကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးပါက အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလခန့်မှစ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စတင်နိုင်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။ 

M-05


  • VIA