News

POST TYPE

MANDALAY

အစိုးရပေးမြေ လက်မခံသည့် လက်ပံတောင်းဒေသခံများ ဆန္ဒပြ
04-Jul-2018

မုံရွာ၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်းအစိုးရက ပေးသည့်မြေကို လက်မခံသည့် လက်ပံတောင်းတောင်ဒေသခံ တောင်သူ ၅၀ ဦးသည် မုံရွာမြို့ ပုသိမ်-မုံရွာလမ်းဆုံရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဇူလိုင်လ ၄ ရက် မွန်းလွဲ ၂ နာရီက ဆန္ဒပြခဲ့သည်။

အဆိုပါတောင်သူများသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့၍ စီမံကိန်းအနီးတစ်ဝိုက်တွင် အစားထိုးမြေဧက ၁၉၀၀ ပြန်ပေးရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်သော ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

မြေယာဆုံးရှုံးခဲ့သော တောင်သူများကို စစ်ကိုင်းတိုင်းအစိုးရက ကနီမြို့နယ်ရှိ မြေလွတ်မြေရိုင်းဧက ၁၉၀၀ ကို အစားထိုး ပြန်ပေးသော်လည်း ဒေသခံများ နေထိုင်သည့်နေရာနှင့် မိုင် ၄၀ခန့်ဝေး၍ လက်မခံနိုင်ကြောင်း၊ ယင်းကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ စီမံကိန်း အနီးတစ်ဝိုက်တွင် ဖော်ဆောင်ပေးရန် တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။ 

“ဝမ်ပေါင်ရဲ့ ကိုယ်စားလှယ်တွေက အစားထိုး မြေ ၁၉၀၀ ပေးတာ လက်ခံတဲ့လက်မှတ်ကို တခြားရွာတွေမှာ လက်မှတ်ထိုးခိုင်းနေတယ်။ ဒေသခံတွေကလည်း မထိုးကြဘူး။ လက်မခံတာသိအောင် အစိုးရကိုလည်း စာပို့တယ်။ ဆန္ဒလည်း ထုတ်ဖော်တယ်”ဟု တုံရွာတွင်နေသူ ဒေါ်မာချိုကဆိုသည်။

တုံရွာ၊ ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာမှ တောင်သူများက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ အစိုးရပေးသောမြေအား လက်မခံနိုင်ကြောင်းနှင့် စီမံကိန်းအနီး ဝန်းကျင်တွင် ဧက ၁၉၀၀ ဖော်ပေးရေး တောင်းဆိုစာကို မုံရွာမြို့ရှိ တိုင်းအစိုးရရုံးထံ ယင်းနေ့ မွန်းလွဲပိုင်းက ပေးပို့ခဲ့သည်။