News

POST TYPE

MANDALAY

မှော်ဘီမြို့နယ်တွင် သက်တော် ၆၄ နှစ်ရှိ ဆရာတော်တစ်ပါး ကြိုးဆွဲချ အဆုံးစီရင်
02-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁ 

မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က သက်တော် ၆၄ နှစ်၊ ဝါတော် ၁၁ ဝါရှိ ဆရာတော်တစ်ပါး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

ကြိုးဆွဲချအဆုံးစီရင်သူ ဆရာတော် ဦးတေဇဝန္တမှာ လွန်ခဲ့သော ၆ လခန့်ကတည်းက ဆီးကျောက်တည် ရောဂါခံစားနေရပြီး မကြာခဏ ဆေးရုံတက်ရောက် ကုသမှုခံယူနေရသဖြင့် စိတ်ဆင်းရဲနေသူတစ်ဦးဖြစ်သည်ဟု အခန်းအတူနေ ဆရာတော်တစ်ပါး၏ ပြောပြချက်အရသိရပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန် ရုပ်အလောင်းကို မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ယင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၁/၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။ 

“ဆရာတော်တစ်ပါး ကြိုးဆွဲချ သေဆုံးနေတယ်ဆိုပြီး အုပ်စုအုပ်ချုပ်ရေးမှူးကနေ ဖုန်းဆက်လို့ သွားစစ်ဆေးတာ၊ သူနေတဲ့အဆောင်ထဲမှာပဲ ကြိုးဆွဲချအဆုံး စီရင်သွားတာပါ၊ ကျန်းမာရေးကြောင့် ဖြစ်နိုင်တယ်လို့ ပတ်ဝန်းကျင် ထွက်ဆိုချက်တွေအရ သုံးသပ်ရတယ်။ ပြင်ပဒဏ်ရာလည်း မတွေ့ရပါဘူး၊ သေဆုံးရတဲ့အကြောင်းအရင်း တိတိကျကျ သိရအောင် သေမှုသေခင်းဖွင့် စစ်ဆေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ နှစ်တွင် ကြိုးဆွဲချအဆုံးစီရင်သူ ၁၇၆ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ မေလ ၃၁ ရက်နေ့အထိ ကြိုးဆွဲအဆုံး စီရင်သူ ၈၈ ဦးရှိသွားပြီဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၇၃ ဦးရှိခဲ့ရာ ယခုနှစ် ၅ လအတွင်း သေဆုံးသူ စာရင်းနှင့် နှိုင်းယှဉ်ပါက ၁၅ ဦးတိုးလာကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ 

J-16


  • VIA