News

POST TYPE

MANDALAY

ဘိလပ်မြေ စက်ရုံစီမံကိန်း ဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရန် ဒေသခံအချို့တောင်းဆို
01-Jul-2018

မန္တလေး၊ ဇူလိုင် ၁

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံနှင့်ပတ်သက်၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးစေလိုကြောင်း အဆိုပါကျေးရွာဒေသခံအချို့က ပြောကြားသည်။

ဝန်ကြီးချုပ်အနေနှင့် ယင်းသို့တောင်းဆိုမှုကို ခုနစ်ရက်အတွင်း မဖြေရှင်းပေးပါက နေပြည်တော်သို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် အောင်သပြေကျေးရွာဒေသခံ ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းကျေးရွာ ဒေသခံအချို့က မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် ဇူလိုင်လ ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘိလပ်မြေစက်ရုံ စီမံကိန်းလုပ်မည့် မြင့်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက် ရထားပြီးဖြစ်ကာ ဆောက်လုပ်ရန် ဒေသခံ ၅၀၀၀ ကျော်က ဆန္ဒပြုလက်မှတ် ရေးထိုးထားကြောင်း၊ ကန့်ကွက်သူမှာ လူနည်းစုသာဖြစ်ပြီး ကုမ္ပဏီက ဒေသခံ ၅၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်က အစိုးရ ၂ နှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လူ ၅၀၀၀ ကျော်ဆိုတာက နည်းမျိုးစုံနဲ့ ရအောင်လုပ်ပြီး တင်ပြထားတာ။ ခေါင်းစဉ်ပြောင်းပြီး ကုမ္ပဏီကို ထောက်ခံပါတယ်ဆိုပြီးတော့ ဝန်ကြီးချုပ်ဆီ ပို့ထားတာ ဖြစ်ပါတယ်။ ကန့်ကွက်နေတာ လူ ၅၀ တောင် မရှိဘူးလို့ ပြောသွာတယ်။ ဝန်ကြီးချုပ်အနေနဲ့ အဖြစ်မှန် သိရအောင် အောက်ခြေအထိ ဆင်းပြီးစိစစ်ပေးပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင်ပါဝင်ခဲ့သူ အောင်သပြေကျေးရွာမှ ဒေသခံ ဦးကျော်ဇေယျက ပြောဆိုသည်။

ဘိလပ်မြေစက်ရုံ စီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေရွာအနီးတွင်တည်ရှိပြီး စီမံကိန်းရှိ စက်ရုံဧရိယာ ဧက ၂၀၀ ကျော်နှင့် ထုံးကျောက်တောင် ၆၁၇ ဧကကို ပြုလုပ်မည်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ် တတိယသုံးလအထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Myanmar Conch Cement (Mandalay) Co., Ltd. က ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းအနီးတွင် အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့်ကျေးရွာများနှင့် ထိစပ်လျက်ရှိနေပြီး ဒေသခံများက ဆန္ဒပြပွဲများ နှစ်ကြိမ် ပြုလုပ်ထားခဲ့သည်။

M-05