News

POST TYPE

MANDALAY

မန္တလေးတွင် တပ်ဆင်ထားသောရေမီတာများ စီမံချက်ဖြင့်စစ်ဆေး
11-Jun-2018 tagged as မန္တလေး ရေမီတာ

မန္တလေး၊ ဇွန် ၁၀

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော်အတွင်းတပ် ဆင်ထားသောရေမီတာများကို စီမံချက်ဖြင့် စစ်ဆေးနေကြောင်း ယင်းကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“ရေ/သန့်ဌာနမှာရှိတဲ့ တစ်သိန်း (စာရင်းအရတပ်ဆင်ထားသော ရေမီတာ) က တကယ်ရှိသလား။ ကောက်ခံရရှိတဲ့ငါးသောင်းက တကယ်ရှိသလားဆိုတာ ပိုက်စိပ်တိုက်စီမံချက် လုပ်နေတယ်။ ဒီစီမံချက်ပြီးသွားရင် ရေခွန်ရေခအပြည့်အဝရသွားမယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော်တွင် တပ်ဆင်ထားသည့် ရေမီတာအလုံးရေ ၁၀၀,၁၀၀ ရှိသည့်အနက် ၅၀,၀၀၀ ကျော်ထံမှသာ ရေခွန်ကောက်ခံရရှိခြင်းကြောင့် ကျန်နေသည့်ရေမီတာများ မြေပြင်တွင် အမှန်တကယ်ရှိ မရှိ၊ ပျောက်ဆုံး၊ ပျက်စီးမှုရှိမရှိသိရှိရန် စီမံချက်ဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှသိရသည်။

လက်ရှိတွင် မဟာအောင်မြေ၊ ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်တို့တွင် စစ်ဆေးပြီးစီးနေပြီဖြစ်ကာ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်၍ ယခုနှစ်အတွင်းအပြီးသတ်နိုင်မည်ဟု ဦးကျော်ဇောအောင်က ထပ်မံပြောဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း နှစ်လတစ်ကြိမ် ကောက်ခံရရှိသည့်ရေခွန်မှာ လက်ရှိတွင် ကျပ်သိန်း ၄၆၀၀ ကျော်ရှိကြောင်း၊ ရေခွန်ကောက်ခံရာတွင် ရေမီတာဖတ်ခြင်း၊ ရေခွန်ကောက်ခံခြင်းနှင့် ကြွေးကျန်ကောက်ခံခြင်းလုပ်ငန်းများကို ရေမီတာဖတ်ဝန်ထမ်းကသာ လုပ်ဆောင်ရခြင်းကြောင့် ဌာနအနေနှင့် အခက်အခဲဖြစ်ကြောင်း ရေနှင့်သန့်ရှင်းရေးဌာနထံမှလည်း သိရသည်။

ရေခွန်ကောက်လို့ရတဲ့ ငွေပမာဏဟာ ပြင်ဆင်ထိန်းသိမ်းခြင်းနဲ့ Operation လည်ပတ်ခြင်းရဲ့ အစိတ်အပိုင်း ၂၅ ရာခိုင် နှုန်းလောက်ပဲ အထောက်အပံ့ဖြစ်သေးတယ်။ ဒါဟာဆိုရင် ကျွန်တော်တို့လုံးဝ Neglect (လျစ်လျူရှု) လုပ်ထားတာက လျှပ်စစ်ဓာတ်အားခပါ။ ရေစက်တွေမောင်းတင်တာ တစ်နှစ်ကို ၃ ဒသမ ၅ ဘီလီယံ။ ဆိုတော့ ဒီအခြေအနေက အများကြီးကိုဟနေတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စစ်ဆေးရေးဌာနမှူး ဦးထွန်းဝင်းက ပြောဆိုသည်။ 

နိုင်ငံတကာတွင် ရေပေးရေးစနစ်မှရရှိသော ဝင်ငွေဖြင့် လုပ်ငန်းများအားလုံး လည်ပတ်ကြသော်လည်း မန္တလေးမြို့တော် စည်ပင်အနေနှင့် နိုင်ငံတော်အစိုးရနှင့်နိုင်ငံတကာ၏ အကူအညီကိုရယူကာ လည်ပတ်နေခြင်းဖြစ်သည်။ 

M-07