News

POST TYPE

MANDALAY

သင်္ဂဇာချောင်းဘေးအနောက်ဘက်ခြမ်း လမ်းပေါက်ပြီ
10-Jun-2018 tagged as မန္တလေး

မန္တလေး၊ ဇွန် ၉

မန္တလေးမြို့တွင်း မြို့နယ်သုံးခုကို ဖြတ်သန်းစီးဆင်းနေသော သင်္ဂဇာချောင်း အနောက်ဘက်ခြမ်း ၄၁ လမ်းမှ ကန်တော်ကြီးအထိ လမ်းပေါက်သွားပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

အဆိုပါလမ်းပေါ်၌ လမ်းပိတ်ထားသည့် အိမ်နှင့်ဆိုင်များ ရှိခြင်း၊ အိမ်ဥပစာရှေ့ တိုးချဲ့ဆောက်လုပ်ထားခြင်း၊ ချောင်းမြေကိုဖို့ကာ ကျူးကျော်ဆောက်လုပ်ထားခြင်းတို့ကြောင့် ယခင်က တစ်ဖက်ပိတ်လမ်းအဖြစ်သာရှိခဲ့ရာမှ ဘိုးဘွားပိုင်မြေလှူဒါန်းသူ ၁၀ ဦးခန့်အပါအဝင် အိမ်အလုံး၂၀၀ ခန့်က နေရာရွှေ့ပေးခြင်းကြောင့် တစ်ဆက်တစ်စပ်တည်းရှိသော လမ်းဖောက်လုပ် နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့တော်စည်ပင်ထံမှ သိရသည်။

အဆိုပါလမ်းသည် ပေ ၃၀ အကျယ်ရှိပြီး အရှည်ပေ ၃၀၀၀ ရှိသည့်အနက် မြေပိုင်ရှင်များက ပေ ၁၀၀၀ ခန့် လှူဒါန်းခဲ့ကြောင်း ယင်းဌာန မှတ်တမ်းအရလည်း သိရသည်။

မော်တော်ယာဉ်များသွားလာရာတွင် ယာဉ်ကြောကျပ်တည်းမှု မရှိစေရေး၊ ရပ်ကွက်ဖွံ့ဖြိုးရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် လမ်းဖောက်လုပ်ခြင်းဖြစ်ရာ လက်ရှိတွင် ကျောက်လမ်းအဖြစ် စခင်းနေပြီဖြစ်ကြောင်း၊ လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းခင်းရန် ရည်ရွယ်ထားကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင်က ထပ်မံပြောကြားသည်။

“သင်္ဂဇာချောင်းဘေးမှာ လမ်းဖောက်နိုင်လိုက်တာက တာဝန်ထမ်းဆောင်ခဲ့သမျှထဲမှာ အပျော်ဆုံးပဲ။ ပီတိလည်းဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

သင်္ဂဇာချောင်းသည် မန္တလေးမြို့ရှိ အဓိကမြောင်းကိုးခုအနက် တစ်ခုဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၂၂ လမ်းမှ စတင်ကာ ချမ်းအေးသာစံနှင့် မဟာအောင်မြေ မြို့နယ်ကို ဖြတ်သန်း၍ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးအတွင်းသို့ စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ 

M-07


  • VIA