News

POST TYPE

MANDALAY

သစ်မှောင်ခိုရောင်းဝယ်မှု ဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အတုယူရန် မန္တလေးတိုင်းဝန်ကြီးချုပ် တိုက်တွန်း


မန္တလေး၊ ဇွန် ၉

သစ်မှောင်ခိုရောင်းဝယ်မှုကို ရဲဝံ့စွာ ဖော်ထုတ်ခဲ့သော ကျောက်ဆည်မြို့မှ ရဲတပ်ဖွဲ့ဝင်များကို အတုယူရမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ကျောက်ဆည်မြို့ရှိ ဝေဇယန္တာခန်းမ၌ ဇွန်လ ၉ ရက်နေ့ကပြုလုပ်သော တာဝန်သိ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခြားမြို့တွေအတွက် အတုယူစရာ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ အတုယူဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် မဖြစ်မနေဆောင်ရွက်နေရပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောဆိုသည်။

ကျောက်ဆည်မြို့ခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မြို့နေလူထုက သစ်မှောင်ခိုရောင်းဝယ်မှုကို ဖော်ထုတ်ခဲ့သော ရဲတပ်သားခြောက်ဦးနှင့် တာဝန်သိယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

“နောက်လည်း ပြည်သူ့ရဲဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားပါ့မယ်”ဟု ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် ရဲတပ်သားတစ်ဦးက ပြောကြားသည်။

သစ်မှောင်ခိုရောင်းဝယ်မှုကို ဖော်ထုတ်ခဲ့သော ရဲတပ်သားခြောက်ဦးနှင့် တာဝန်သိယာဉ်ထိန်းတပ်ဖွဲ့ဝင်တို့ကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့်အဖွဲ့ဝင်များ၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့်ကျောင်းသား ကျောင်းသူများလည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သော ဧပြီလ ၂၅ ရက်နေ့ညက ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာအနီးတွင်ဖမ်းမိသော သစ်တင်ကားကို ပိုင်ရှင်မဲ့အဖြစ် ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သားများဖြစ်သည့် ကျော်စိုးဝင်း၊ ထွန်းထွန်းဝင်း၊ ရဲလင်းစိုး၊ ဇေယျာမောင်၊ ချစ်ကိုတို့က မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးထံ တိုင်ကြားခဲ့ရာ မန္တလေးခရိုင်ရဲတရားရုံးက မေလ ၂၁ ရက်နေ့တွင် စစ်ဆေးခဲ့ပြီး ကျောက်ဆည်မြို့မရဲစခန်းမှ စခန်းမှူး (အဟောင်းနှင့်အသစ်) နှစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ရဲစည်းကမ်းဥပဒေအရဖြင့် အရေးယူထားသည်။ 

M-01