News

POST TYPE

MANDALAY

မလှိုင်မြို့ရှိ မူလတန်းကျောင်းဆောင် အန္တရာယ်ရှိအဆောက်အအုံဖြစ်နေ၍ မိဘများစိုးရိမ်
08-Jun-2018



မိတ္ထီလာ၊ ဇွန် ၇

မန္တလေးတိုင်း မလှိုင်မြို့အမှတ် (၄) ရပ်ကွက်ရှိ မူလတန်းကျောင်းဝင်းအတွင်းမှ ကျောင်းဆောင်တစ်ခုသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်နေသောကြောင့် ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများစိုးရိမ်နေရကြောင်း ယင်းမြို့နယ်မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။ 

“အင်ဂျင်နီယာတွေနဲ့ QC စစ်တဲ့ အဖွဲ့တွေစစ်ဆေးတော့ လုံးဝမနေသင့်တော့ဘူး၊ အကြီးစားပြင်ဆင်မှုတွေလည်း မလုပ်သင့်တော့ဘူးလို့ Third Party (အရည်အသွေးစစ်သော တတိယအဖွဲ့အစည်း) က မှတ်ချက်ပေးတဲ့အတွက် အစိုးရကနေပြီး တိုင်းပညာရေးမှူးရုံးကို စာထုတ်ထားတဲ့အတွက် တိုင်းပညာရေးရုံးကနေ ကော်မတီကို အဲဒီကျောင်းဆောင်ကို ပြန်ထုတ်ပေးဆိုတာမျိုး စာထုတ်ထားတာ ၂၀၁၇ ကတည်းကပါ” ဟု ၎င်းကရှင်းပြသည်။

အလျား ပေ ၁၀၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ အဆိုပါအုတ်ညှပ်တစ်ထပ်ဆောင်ကို ပြီးခဲ့သော ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွင်းက ဝန်ကြီးဌာနရန်ပုံငွေ ကျပ်သိန်း ၃၆၀ ကျော်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ကျောင်းဆောင်ကို လက်ခံပြီး လေးလအတွင်း၌ပင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စစ်ဆေးတွေ့ရှိရသောကြောင့် အသုံးပြုနိုင်ခြင်းမရှိသလို ယင်းကျောင်းဆောင်ကို တာဝန်ယူ ဆောက်လုပ်ခဲ့သော “ခင်ဆုသျှင်” ကုမ္ပဏီဘက်ကလည်းတာဝန်ယူဖြေရှင်းပေးခြင်းမရှိသဖြင့် အခက်ကြုံနေရကြောင်း အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ရပ်ကွက် နေသူများကလည်း ပြောဆိုသည်။

အဆိုပါကျောင်းဆောင်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက တည်ဆောက်ပြီးစီးခဲ့သော်လည်း နွေရာသီကျောင်းပိတ်ချိန်ဖြစ်၍ ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်အသုံးပြုခဲ့ကြောင်း၊ သက်တမ်းလေးလအတွင်း ပျက်စီးယိုယွင်းမှုများရှိလာသည်ကို သတိထားမိ၍ လွှတ်တော်ကိုယ်စားလှယ်များ၊ QC စစ်ဆေးသောအဖွဲ့များနှင့်အတူ စတင်မှတ်တမ်းယူခဲ့ကာ အောက်တိုဘာလတွင် Third Party အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် ၁၄ ချက်၊ သုံးသပ်တင်ပြချက် ငါးချက်ဖြင့် မန္တလေးတိုင်းပညာရေးမှူးရုံးသို့ တင်ပြခဲ့ကြောင်း ထိုအချိန်က အမှတ် (၄) မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သော မလှိုင်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။ 

“ကုမ္ပဏီဘက်က လာမပြင်ဘူးပြောတော့ ချက်ချင်းယာယီကျောင်းဆောင်ဆောက်ရတယ်။ အခက်အခဲကတော့ အများကြီးရှိတယ်။ ယာယီကျောင်းဆောင် ဆောက်တာကလည်း ၁၃ သိန်း ၇ သောင်းကုန်တယ်။ ခုချိန်ထိ ယာယီကျောင်းဆောင်ထဲမှာ နှစ်တန်းနဲ့ သုံးတန်းသင်နေရတယ်၊ အခန်းကကျဉ်းတော့ တစ်ဖက်ကသင်ရင် တစ်ဖက်ကသင်လို့မရဘူး” ဟု မလှိုင်မြို့ အမှတ် (၄) မူလတန်းကျောင်းတာဝန်ခံ ဆရာမကြီး ဒေါ်ခင်မာကြွေက ပြောဆိုသည်။

R-01