News

POST TYPE

MANDALAY

မန္တလေးကျောက်မျက်အသင်း ဥက္ကဋ္ဌနေရာ နှစ်လကျော်သည်အထိ မလွှဲသေး
07-Jun-2018

မန္တလေး၊ ဇွန် ၆

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယင်းနေရာကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း စတုတ္ထသက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ ဦးသန်းဝင်း ပြောကြားသည်။

မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်၌ မတ်လ ၁၄ ရက်နေ့ကကျင်းပခဲ့သော ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)၏ စတုတ္ထသက်တမ်း ၂၀၁၈-၂၀၂၁ အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ ၎င်းကပြောကြားခြင်းဖြစ်သည်။

ယင်းဥက္ကဋ္ဌနေရာအတွက် ဦးသန်းဝင်းကို ရွေးချယ် အတည်ပြုခဲ့ကြောင်းကို ယခင်ဥက္ကဋ္ဌ ဦးမြင့်ဟန်အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းချုပ်သို့ သုံးကြိမ်တိုင်တိုင် စာပေးပို့ခဲ့ပြီးဖြစ်ရာ ဇွန်လ ၁ ရက်က နောက်ဆုံးပေးပို့သောစာတွင် ၂၀၁၈ ဇွန်လ ၂၄ ရက်နေ့ နောက်ဆုံးထား လွှဲပြောင်းပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

“မလွှဲရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ စာပို့ထားတယ်” ဟု ဦးသန်းဝင်းက ပြောဆိုသည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း) အတိုင်း ကျင်းပခဲ့ခြင်းဖြစ်၍ မဲအများဆုံးရရှိသူ ဦးသန်းဝင်းကို ဥက္ကဋ္ဌနေရာ လွှဲပြောင်းပေးရန်လိုကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မန္တလေး) အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦစိုးနိုင်က ပြောကြားသည်။

“အစိုးရအလွှဲအပြောင်းမှာတောင် ချောမွေ့စွာ လွှဲပြောင်းပေးခဲ့တယ်။ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက လွှဲမပေးဘူးဆိုတော့ တင်မြှောက်ခံရသူက ရွေးချယ်တင်မြောက်ရေးကော်မရှင်ကို ဦးတိုက်လျှောက်ထားပြီး ဖြေရှင်းရမလိုဖြစ်နေတယ်”ဟု ၎င်းကပြောဆိုသည်။

ကော်မရှင်သည် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပရန်စီစဉ်ခြင်း၊ အတည်ပြုခြင်း၊ အသင်းခွဲများနှင့် အသင်းချုပ်၏ ဆောင်ရွက်ချက်များ ဆန့်ကျင်ကွဲလွဲနေကြောင်း တွေ့ရပါက ကြားဝင်ဆုံးဖြတ်ပေးခြင်းနှင့် ယင်း၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း(မူကြမ်း) တွင် ဖော်ပြထားသည်။

မန္တလေးအသင်း ရွေးချယ်တင်မြှောက်ပွဲတွင် မဲထည့်သူများနှင့် ရွေးကောက်ခံများသည် မြန်မာနိုင်ငံ ကျောက်မျက်အသင်းချုပ်က သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသောကြောင့် အလုပ်အမှုဆောင်အဖွဲ့က လွှဲမပေးခြင်းဖြစ်ကြောင်း တတိယသက်တမ်း၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဟန်က ပြောကြားသည်။

“မရွေးခင်ကလည်း ကန့်ကွက်ခဲ့တယ်။ အသင်းအဖွဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီတဲ့သူတွေနဲ့မို့ ဝင်မပြိုင်တာ”ဟု ၎င်းကပြောဆိုသည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ လက်အောက်တွင် စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ မြစ်ကြီးနား၊ ဖားကန့်နှင့် ရန်ကုန်တို့၌ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မန္တလေးအသင်းခွဲကဲ့သို့ပင် စစ်ကိုင်းအသင်း ခွဲတွင်လည်း အလားတူ ပြဿနာရှိနေကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

M-08