News

POST TYPE

MANDALAY

ရွှေနန်းတော်ကျောင်း အမေရိကန် ဒေါ်လာသုံးသိန်း အကုန်အကျခံကာ ပြုပြင်ထိန်းသိမ်း
07-Jun-2018


မန္တလေး၊ ဇွန် ၆

ရွှေနန်းတော်ကျောင်း ဒုတိယအဆင့် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း အကုန်အကျခံ ဆောက်ရွက်လျက်ရှိကြောင်း World Monuments Fund ၏ မြန်မာနိုင်ငံ ဒါရိုက်တာ မစ္စတာ ဂျက်ဇ်အယ်လန်က ပြောကြားသည်။

ဒုတိယအဆင့် ဆောင်ရွက်ရာတွင် ရွှေနန်းတော်ကျောင်း ပင်မအဆောင်၏ အနောက်ဘက်နှင့် တောင်ဘက်ရှိ ဝရန်တာများ၊ ကြမ်းခင်းများ၊ နယားရုပ်များ၊ လှေကားများနှင့် ဆက်စပ်သော အစိတ်အပိုင်းများ ပါဝင်ကြောင်း၊ လက်ရှိတွင် နည်းပညာတက္ကသိုလ် ကျောင်းသားများနှင့်အတူ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ကုန်းဘောင်ခေတ် လက်ရာအတိုင်း မသွေမတိမ်း ပြင်မယ်”ဟု မစ္စတာ ဂျက်ဇ်အယ်လန်က ရှင်းပြသည်။

ရွှေနန်းတော်ကျောင်း၏ ဝရန်တာတွင် မရှိတော့သည့် အချို့သော အရုပ်များ၊ အစိတ်အပိုင်းများကိုလည်း ပညာရှင်များ၏ လမ်းညွှန်မှုနှင့်အတူ ပူးပေါင်း လုပ်ဆောင်မည်ဟုလည်း World Monuments Fund ထံမှ သိရသည်။

ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ WMF ၏ သုတေသန စစ်တမ်းများအရ ရွှေနန်းတော်ကျောင်း ပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများလုပ်ဆောင်ရာတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ မီလီယံ ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများအဖွဲ့ ရန်ပုံငွေမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် ၂၀၁၄ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ရွှေနန်းတော်ကျောင်းကြီးသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယာ ရာမတိုက် မဟာရံတံတိုင်း နှစ်ခုကြား၊ အရှေ့တောင်ထောင့်တွင်တည်ရှိပြီး သီပေါမင်း လှူဒါန်းခဲ့သော ကျောင်းဖြစ်သည်။

M-08