News

POST TYPE

MANDALAY

ပြင်ဦးလွင်တပ်မတော်ဆေးရုံမှ ဒုဗိုလ်မှူးကြီးကို စကေဘာဖြင့်ထိုးသူ ၇ ဦးကို ဖမ်းမိ
06-Jun-2018

မန္တလေး၊ ဇွန် ၆

ပြင်ဦးလွင် တပ်မတော်ဆေးရုံကြီးမှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအား စကေဘာဖြင့်ထိုးခဲ့သူဟု ယူဆရသူ ခုနစ်ဦးကို ဇွန်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏက ပြောကြားသည်။

“စစ်ဆေးပေါ်ပေါက်ချက်အရတော့ ကျူးလွန်တယ်လို့ ယူဆလို့ရတာက ရှစ်ယောက်ပေါ့။ ကျွန်တော်တို့ ခုနစ်ယောက်ဖမ်းထားပါပြီ။ တစ်ယောက်ကတော့ လွတ်နေပါသေးတယ်”ဟု ၎င်းကပြောဆိုသည်။
ယင်းခုနစ်ဦးတွင် တပ်မတော်သား တစ်ဦးပါဝင်နေသည်ဟု ၎င်းကဆိုသည်။

ပြင်ဦးလွင် တပ်မတော်ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ခွဲစိတ်ပါရဂူ ဒုဗိုလ်မှူးကြီး မိုးမြတ်အောင်သည် ဧပြီလ ၂၅ ရက်နေ့ ညက ပါမောက္ခချုပ် ဆရာတော်၏တရားပွဲမှ နေအိမ်သို့ပြန်လာစဉ် ရပ်ကွက်ကြီး ၅ ရှိ လမ်းတစ်ခုတွင် ဆိုင်ကယ်စတန့်ပြ မောင်းနှင်နေသည့် လူရှစ်ဦးပါ မော်တော်ဆိုင်ကယ်လေးစီးကို ရှောင်တိမ်းမောင်းနှင်ရာမှ မော်တော်ဆိုင်ကယ်တစ်စီးနှင့်ချိတ်မိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ ချိတ်မိသွားသည့်အတွက် ဒုဗိုလ်မှူးကြီးက ကားပေါ်မှဆင်းကာ ကြည့်ရှုစဉ် အမျိုးသားရှစ်ဦးအနက် သုံးဦးကချုပ်ကာ တစ်ဦးက စကေဘာဖြင့် ဝမ်းဗိုက်ကိုထိုးသွင်းခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့မှူး အပါအဝင် တာဝန်ရှိသူများက လူပေါင်း ၆၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး မသင်္ကာဖွယ် လူငါးဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ယင်းတို့အနက်မှ ပြင်ဦးလွင်မြို့နယ်တွင်နေထိုင်ပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ရင်း၌ တပ်သားသစ်အဖြစ် သင်တန်းတက်ရောက်နေသူ အသက် ၂၁ နှစ်အရွယ်ရှိ အောင်ဘုန်းမြတ် (ခ) ကိုပြည့်က ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်း၏ဝန်ခံချက်အရ ဒုဗိုလ်မှူးကြီးကို စကေဘာဖြင့်ထိုးရာတွင် ပါဝင်ခဲ့ကြသူ အသက် ၂၀ အရွယ်စီရှိကြသည့် နေလင်းဖြိုး၊ သန့်ဇေယျာအောင်၊ ချစ်ကို၊ အသက် ၁၅ နှစ်အရွယ်စီရှိ ယောက်ျားလေး သုံးဦးနှင့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စကေဘာဖြင့် ထိုးသွားသည့် အမျိုးသား ခုနစ်ဦးကို ပြင်ဦးလွင် မြို့မရဲစခန်းက (ပ) ၁၂၇/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/ ၁၁၄ အရ အမှုဖွင့် စစ်ဆေးနေပြီး လွတ်မြောက်နေသည့် သံသယ တရားခံတစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ပြင်ဦးလွင် တပ်မတော်ဆေးရုံကြီးမှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအား စကေဘာဖြင့်ထိုးခဲ့သူများကို အခင်းဖြစ်ပြီး ၃၉ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

M-04