News

POST TYPE

MANDALAY

မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ ဖွဲ့စည်းရန်တိုက်တွန်း
06-Jun-2018



မန္တလေး၊ ဇွန် ၅

မန္တလေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဓွန့်ရှည်ရန်ရည်ရွယ်ကာ ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ (Alumni) ဖွဲ့စည်းဆောင်ရွက်ရန် အဆိုပါတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက တိုက်တွန်းပြောကြားသည်။

တက္ကသိုလ်တစ်ခု တိုးတက်အောင်မြင်စေရန် နိုင်ငံတကာတွင် ကျောင်းသားဟောင်းအဖွဲ့အစည်းများ ဖွဲ့စည်းက ဆောင်ရွက်နေသကဲ့သို့ မန္တလေးတက္ကသိုလ်တွင်လည်း Alumni ဖွဲ့စည်းကာ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရန်လိုသည်ဟု ၎င်းက ပြောဆိုသည်။

“မန္တလေးတက္ကသိုလ် တိုးတက်ဖို့အတွက် ကျွန်မရဲ့အားတစ်ခုတည်းနဲ့ မရပါဘူး။ ကျောင်းသူကျောင်းသားဟောင်းတွေရဲ့အား၊ မြို့မိမြို့ဖတွေရဲ့အား၊ ဆရာကြီး၊ ဆရာမကြီးတွေရဲ့အား ဒီလိုမျိုး ဝိုင်းဝန်းကူညီဆောင်ရွက်မှ ပိုပြီးတိုးတက်မှာ”ဟု ဒေါက်တာသီတာဝင်းက ဆက်လက်ပြောဆိုသည်။

မန္တလေးတက္ကသိုလ်၌ ဇွန်လ ၅ ရက်နေ့က ကျင်းပသော မန္တလေးတက္ကသိုလ်နှစ် ၆၀ ပြည့် စာပေစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတက္ကသိုလ်သည်အထက် မြန်မာပြည်တွင် ဝါအရင့်ဆုံးတက္ကသိုလ်ဖြစ်ရာ ရာပြည့်ပွဲကျင်းပရန်လည်းရှိနေကြောင်း၊ ၂၀၁၇ ခုနှစ်က စတင်ကာ ဘာသာရပ် ၂၁ ခုမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးကို ရွှေတစ်ကျပ်သားစီ ချီးမြှင့်ပေးနေကြောင်း တက္ကသိုလ်မှတ်တမ်းများအရ သိရသည်။
 
“လမ်းစဉ်ပါတီခေတ်နှောင်းပိုင်းကျောင်းမှာ နိုင်ငံရေးဆန်ဆန်ပါဝင်ပတ်သက်မှာစိုးလို့ အဆက်ဖြတ်ထားတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေက သာမန်ကိစ္စတွေလောက်ပဲ ပတ်သက်ရသလိုဖြစ်နေတာ။ Alumni ဖွဲ့တာ ကောင်းပါတယ်။ ဒီလိုပဲပူးပေါင်းရမှာပဲ”ဟု ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမင်းထက်ငြိမ်းချမ်းက ပြောဆိုသည်။ 

မန္တလေးတက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပသည့် စာပေစကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် အဆိုပါတက္ကသိုလ်တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး မြို့မိမြို့ဖများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။  

M-07


  • VIA