News

POST TYPE

MANDALAY

ကျည်ဆန်ဟောင်းကိုထုကြည့်သူသေဆုံး

မိတ္ထီလာ၊ ဇွန် ၅

သာစည်မြို့နယ် ဆင်ရွာကျေးရွာ၌ ဇွန် ၄ ရက်နေ့ ညနေပိုင်းက ဒေသခံတောင်သူတစ်ဦးသည် တောထဲတွင်တွေ့ခဲ့သော စစ်ကျန်ဟုယူဆရသည့် ကျည်ဆန်ဟောင်းကို သံချောင်းနှင့်ထုရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့ပြီး အနီးတွင်ရှိနေသော ကလေးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ဆင်ရွာကျေးရွာအရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ တောထဲတွင် တောင်သူလုပ်ကိုင်နေထိုင်သူ အသက် ၃၀ အရွယ် ဦးသိန်းဇော်သည် အရှည်နှစ်လက်မခွဲခန့်နှင့် လုံးပတ်ကျပ်လုံးခန့်ရှိသော စစ်ကျန်ကျည်ဆန်အဟောင်းကို သစ်သားတုံးပေါ်တင်ကာ အရှည် ၁၅ လက်မခန့် လုံးပတ်ငါးမူးလုံးခန့်ရှိသံချောင်းဖြင့် ထုနှက်ရာမှ ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဇော်၏လည်ပင်းတွင် ကျည်ဆန်ပေါက်ထွက်ဒဏ်ရာ တစ်ချက်နှင့် ဝဲလက်ချောင်းများတွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အနီးတွင်ရှိနေသော အသက်လေးနှစ်အရွယ် တူမတော်စပ်သူ မအေးသန္တာလင်းသည်လည်း ယာခြေသလုံး ကျည်ဆန် ပေါက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဇော်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ဟံဇားနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈) ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။  

R-01