News

POST TYPE

MANDALAY

မန္တလေးတိုင်း ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက တစ်နှစ်အတွင်း လူတစ်သောင်းကျော်ကို အလုပ်အကိုင်ရှာပေး
မန္တလေး၊ မေ ၂၁

မန္တလေးတိုင်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လူတစ်သောင်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောကြားသည်။

ယင်းနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုက အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက ကျပ်ဘီလီယံ ၁၈၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ယင်းလုပ်ငန်းများမှ လူ ၁၁,၀၀၀ ကျော်အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံသား၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အတွက် အဝေးက လုပ်သားထက်၊ အနီးကလုပ်သားတွေကို ဦးစားပေးစဉ်းစားတယ်။ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာတယ်။ ကျွမ်းကျင်သူရော၊ မကျွမ်းကျင်သူ ရောပါတယ်”ဟု ဒေါ်နွယ်နီဦးက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းတွင် ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၀ ရှိပြီး အမေရိကန်ဒေါ်လာသန်း ၃၂၀၀ ကျော်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၈ ခုမှ ကျပ်ဘီလီယံ ၄၉၀၀ ကျော်ရှိကြောင်း၊ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံ အများဆုံးဖြစ်ပြီး ဒုတိယအနေနှင့် စင်ကာပူ၊ တတိယအနေနှင့် ဟောင်ကောင်တို့က အများဆုံးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် စက်မှုလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများကို အများဆုံးရင်နှီးမြှုပ်နှံထားကြောင်း မန္တလေးတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခင်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ပြခဲ့ရာမှ ၂၀၁၇ ခုနှစ် မတ်လကစတင်ကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၂၄ (ဇ) အရ တိုင်းနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှနေ၍ မတည်ရင်းနှီးငွေ ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် မြန်မာငွေ ကျပ်သန်း ၆၀၀၀ အထိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အတည်ပြုမိန့် ထုတ်ပေးနိုင်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။  

M-05