News

POST TYPE

MANDALAY

မိုးရွာသွန်းမှုကြောင့် ပုဂံဒေသရှိ ငလျင်ဒဏ်သင့် စေတီပုထိုး ၁၃ ဆူ အနည်းငယ်ပျက်စီး
22-Sep-2016
မန္တလေး၊ စက်တင်ဘာ ၂၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စက်တင်ဘာ ၂၁ ရက်နေ့ ညက ရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရား စေတီအချို့ ပျက်စီးခြင်းများ ကြုံတွေခဲ့ရာ ကနဦး စာရင်းများအရ ဘုရားစေတီ ၁၃ ဆူခန့် ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“မိုးကာ မအုပ်ထားတဲ့ ဘုရား စေတီတွေ ဖြစ်တာပါ။ အများကြီး ထိခိုက်တာတော့ မရှိဘူး။ အက်ကွဲကြောင်းကနေ မိုးယိုတဲ့အတွက် ကျယ်လာတဲ့သဘော ရှိတယ်ပေါ့။ အက်ကွဲကြောင်းတွေကို ကော်နဲ့ ပိတ်တာတွေ လုပ်ရမယ်”ဟု ညောင်ဦး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

မိုးကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် စေတီ ပုထိုးများမှာ သစ္စာဝတီ၊ ချောက် ဘုရားအလှ၊ မီးငြိမ်းကုန်းစသည့် လူသိများသည့် စေတီပုထိုးအချို့ ပါဝင်နေကြောင်းနှင့် ထိခိုက်မှု စာရင်း ထပ်မံ တိုးလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၄ မိနစ် ၅၅ စက္ကန့်အချိန်က ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍  အင်အား ရစ်ခ်ျစတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရားစေတီ ၄၂၅ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှတ်တမ်းများအရ သိရ သည်။

“မိုးရွာတာနဲ့ ပတ်သက်ပြီးတော့ လိုက်စစ်နေပါတယ်။ ပြိုတာတွေတော့ မရှိဘူး။ သို့သော်လည်း တချို့က ပဲ့ကျတာတော့ရှိတယ်။ ပဲ့ကျတဲ့စာရင်းတော့  လိုက်လံ ကောက်နေတုန်းပါဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
ထိခိုက် ပျက်စီးခဲ့သည့် စေတီပုထိုးများကို အမိုးအကာ အုပ်မိုးခြင်းများ လုပ်ဆောင်လျက်ရှိရာ လက်ရှိ အချိန်အထိ ၄၁ ဆူခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား  ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ 



  • VIA