News

POST TYPE

MANDALAY

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကြောင့် ကျေးရွာနှစ်ပိုင်းကွဲသွားနိုင်ဟု ဒေသခံများပြော
01-May-2018


မန္တလေး၊ ဧပြီ ၃၀

ပုသိမ်ကြီးမြို့နယ်အတွင်းရှိအောင် သပြေကျေးရွာအနီးတွင် မြင့်ကုမ္ပဏီအုပ်စုက တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကြောင့် ကျေးရွာနှစ်ပိုင်း ကွဲသွားနိုင်သည်ဟု အဆိုပါကျေးရွာ ဒေသခံများက ပြောဆိုသည်။

“ဘာ့ကြောင့် မကြိုက်သလဲဆိုတော့ ကျေးရွာကိုနှစ်ခြမ်းသုံးခြမ်းကွဲ အောင်လုပ်နေလို့မကြိုက်ဘူး။ သူတို့ ဒီလို လုပ်နေမယ်ဆိုရင် တောင်ပု၊ သရက်ကိုင်း၊ အောင်သပြေကျေးရွာတွေကိုလည်း ဒုက္ခပေးလာနိုင်တယ်။ ကျန်းမာရေး၊ လူမှုရေးပေါ့”ဟု အောင်သပြေကျေးရွာဒေသခံ ဦးသန်းစိန်က ပြောကြားသည်။

မန္တလေးတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မြင့်ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဒေသခံများတွေ့ဆုံပွဲကို အောင်သပြေကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြင့်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိသည့် နေရာသည် အောင်သပြေကျေးရွာနှင့် ထိစပ်နေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ကျန်းမာရေး ထိခိုက်စေခြင်း၊ အောင်သပြေကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်နေရာများအနီးတွင် စီမံကိန်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အညစ်အကြေးများစွန့်ပစ်မှုများ ရှိနေခြင်းကြောင့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေခြင်းကို ကန့်ကွက်ကြောင်းနှင့် စီမံကိန်းကိုရပ်ဆိုင်းပေးရန် အောင်သပြေကျေးရွာ ဒေသခံအချို့က တောင်းဆိုခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ကနေပြီးတော့ စုံစမ်းပါ။ အသေးစိတ် တင်ပြပေးပါဆိုပြီး ပြောလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လာစုံစမ်းတာ။ ဒေသခံတွေပြောတာ၊ ကုမ္ပဏီဘက်ကပြောတာတွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်။ ပြီးရင်အစီရင်ခံစာတစ်ခု ထုတ်ပြန်ပြီး ကုမ္ပဏီကိုလည်းပေးမယ်။ ဒေသခံတွေကိုလည်း ပေးပါမယ်”ဟု မန္တလေးတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာအနီးတွင် တည်ရှိရာ စီမံကိန်း၏ စက်ရုံဧရိယာအဖြစ် ဧက ၂၀၀ ကျော်နှင့် ထုံးကျောက်တောင် ဧက ၆၁၇ အသုံးပြုမည်ဟု စီမံကိန်း အကောင်အထည်ဖော်နေသည့် Myanmar Conch Cement (Mandalay) Co.,Ltd. က ထုတ်ပြန်ထားသည်။

“သူ့အမြင်ကိုယ့်အမြင် လွတ်လပ်ခွင့်ရှိတဲ့ခေတ်မှာ ကန့်ကွက်တာကို ကျွန်တော်တို့ကတော့ အပြစ်မဆိုပါဘူး။ သို့သော် ဒီလုပ်ငန်းက ဘယ်လောက် အကျိုးပြုနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိသလောက် ပြောပြတာပေါ့”ဟု အဆိုပါကုမ္ပဏီ ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောကြားသည်။ 

စီမံကိန်းပြုလုပ်မည့် ဧရိယာသည် အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်၊ တကာ၊ တောင်ကန်၊ ပြည်သာယာစသည့် ကျေးရွာများနှင့် ထိစပ်နေပြီး ကျောက်မီးသွေးကို အသုံးပြုမည်ဖြစ်သဖြင့် ဒေသ၏ လူမှုစီးပွားအခြေအနေများ ထိခိုက်လာနိုင်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံများက ပြောဆိုသည်။

တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကို ကန့်ကွက်သည့်အနေနှင့် အောင်သပြေကျေးရွာဒေသခံများက နှစ်ကြိမ်တိုင် ဆန္ဒထုတ်ဖော်ထားသည်။  

M-05


  • VIA