News

POST TYPE

MANDALAY

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများက ဆန္ဒပြ
24-Apr-2018


မန္တလေး၊ ဧပြီ ၂၃

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေ စက်ရုံတည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၀၀ ကျော်က ဧပြီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းစီမံကိန်းနေရာသည် အောင်သပြေကျေးရွာနှင့် ထိစပ်နေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး ကျန်းမာရေးထိခိုက်စေခြင်း၊ အောင်သပြေကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအနီးတွင် စီမံကိန်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အညစ်အကြေးများ စွန့်ပစ်ခြင်းတို့ကြောင့် ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးဝင်းဇော်လတ်က ပြောကြားသည်။

ယင်းစီမံကိန်းသည် အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့် ကျေးရွာများနှင့် ထိစပ်လျက်ရှိကြောင်း၊ စီမံကိန်းတွင်အသုံးပြုရန် ကျေးရွာချင်းဆက်လမ်းကို အသုံးပြုမည်ဖြစ်ကာ ကျေးရွာ ကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်ပေးမည်ဟု သိရှိထားကြောင်း၊ ကျေးရွာချင်းဆက်လမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးထာသည့် လမ်းဖြစ်ကြောင်း၊ အဆိုပါလမ်းသည် နှစ်မိုင်ကျော်ရှိပြီး အကျယ် ၁၈ ပေရှိကြောင်း၊ ယင်းလမ်းကို အဆင့်မြှင့်တင်ရန် လမ်းဘေးဝဲယာမှ သစ်ပင်များကို ခုတ်လှဲခဲ့ကြောင်း၊ ကျောက်မီးသွေးကို အသုံးပြုမည်ဖြစ်သဖြင့် ဒေသ၏ လူမှုစီးပွားအခြေအနေများ ထိခိုက်လာနိုင်ကြောင်း အောင်သပြေကျေးရွာဒေသခံအချို့က ပြောဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ ပုသိမ်ကြီးမြို့ အဝင်ဆိုင်းဘုတ်နေရာအထိ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Myanmar Conch Cement (Mandalay) Co., Ltd. အနေနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းခဲ့သေးသည်။

Myanmar Conch Cement (Mandalay) Co., Ltd. အနေနှင့် စက်ရုံဧရိယာအဖြစ် ဧက ၂၀၀ ကျော်နှင့် ထုံးကျောက်တောင် ဧက ၆၁၇ ကို စီမံကိန်းအတွက် အသုံးပြုမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင ဆန်းစစ်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ ပြုလုပ်ရန်ရှိနေကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ဆောင်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် စီစဉ်ထားသည်။

“ဆန္ဒပြတာနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး။ ဒီလိုလုပ်နေတာကလည်း လူနည်းစုပါ။ နောက်တစ်ခု ကုန်ထုတ်လမ်းဖောက်တယ်ဆိုတာက သူတို့အတွက် ဒေသဖွံ့ဖြိုးရေးကိစ္စတွေအတွက် အထောက်အကူပြုလာမှာ ဖြစ်ပါတယ်။ အခုက တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ဖို့ ဝန်ထမ်းလိုင်းခန်းတွေပဲ ဆောက်နေတာပါ”ဟု Myanmar Conch Cement (Mandalay ) Co.,Ltd. မှ ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောကြားသည်။

တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး အောင်သပြေကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများမှ ဒေသခံ ၁၀၀ ကျော်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ဆန္ဒပြကန့်ကွက်ခဲ့သေးသည်။  

M-05


  • VIA