News

POST TYPE

MANDALAY

အိမ်အကူမိန်းကလေးအား မုဒိမ်းကျင့်သူကို မမိသေး
22-Mar-2018
မန္တလေး၊ မတ် ၂၁

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အသက် ၁၇ နှစ်အရွယ်မိန်းကလေးကို အိမ်ရှင်၏သားက မုဒိမ်းကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားသည်မှာ တစ်ပတ်ကြာပြီဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းမမိသေးကြောင်း ပုသိမ်ကြီးမြို့မရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမင်းသိန်းက ပြောကြားသည်။

“အဲဒီအမှုက တရားခံတွေကို ဖမ်းမမိသေးပါဘူး။ ဖမ်းဆီးနိုင်ရေးအတွက် ကျွန်တော်တို့ စုံစမ်းထောက်လှမ်းနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ခြိမ်းခြောက်အဓမ္မပြုကျင့်ခံရသူမှာ မတ္တရာမြို့နယ် လမိုင်းအုပ်စု လက်ဝဲကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အိမ်အကူအဖြစ် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ရှင်၏သားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရဲမင်းထွန်း (ခ) ဖိုးဝက ယင်းလအတွင်းမှာပင် အဓမ္မပြုကျင့်ခဲ့ကြောင်း အမျိုးသမီးငယ်၏ မိခင်က ပြောကြားသည်။

“ကျွန်မကို အိပ်ခန်းထဲမှာ ဓားထောက်ပြီး အဓမ္မကျင့်တယ်။ ဘယ်သူမှမပြောနဲ့ ပြောရင်သတ်ပစ်မယ် ပြောတယ်။ နောက်ပြီး ဟိုတယ်ကိုခေါ်ပြီးလည်း အဓမ္မကျင့်တယ်။ ဟိုတယ်အခန်းထဲမှာ သူ့သူငယ်ချင်းတွေရော ပါတယ်။ ကျွန်မကို အက်စစ်နဲ့ပက်မယ်။ အက်စစ်ထဲစိမ်ထားရင် အရည်ပျော်သွားမယ်။ အဲဒီလို ခြိမ်းခြောက်တယ်”ဟု အဓမ္မပြုကျင့်ခံရသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးက ပြောဆိုသည်။

ယင်းသို့ကြိမ်ဖန်များစွာ ပြုကျင့်နေသည်ကို ရဲမင်းထွန်းက ဓာတ်ပုံနှင့်ဗီဒီယိုများ ရိုက်ကူးခဲ့ပြီး အခြားသူကိုပြောပါက ဗီဒီယိုဖိုင်ကို ဖြန့်ဖြူးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကာယကံရှင် အမျိုးသမီးငယ်က ထပ်မံပြောကြားသည်။

ယင်းသို့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် ရဲမင်းထွန်း (ခ) ဖိုးဝ၏ ညီမများဖြစ်သည့် အိဖြိုးဝေနှင့်အိမွန်တို့က ၎င်းတို့၏အစ်ကိုက လက်ထပ်ယူမည်ဖြစ်၍ လက်ခံရန်ပြောကြားခဲ့ရာတွင် ငြင်းဆိုခဲ့သည့်အတွက် ကြိုးနှင့်တုပ်ကာ ရိုက်နှက်ခြိမ်းခြောက်ခဲ့သည်ဟုလည်း အဆိုပါအမျိုးသမီးက ပြောဆိုသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲမင်းထွန်းနှင့် ၎င်း၏ညီအစ်မနှစ်ဦးကို အရေးယူပေးရန် မတ်လ ၁၃ ရက်နေ့ အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲစခန်းက ၁၄ ရက်နေ့တွင် အမှုဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိသေးကြောင်း အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏မိခင်က ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲမင်းထွန်း (ခ) ဖိုးဝနှင့် ၎င်း၏ ညီမများဖြစ်သည့် အိဖြိုးဝေ၊ အိမွန်တို့ကို ပုသိမ်ကြီး မြို့မရဲစခန်းက (ပ) ၇၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၄၃/၃၂၅/ ၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04


  • VIA