News

POST TYPE

MANDALAY

မန္တလေး မြို့ပေါ်ရှိ ဟိုတယ် တစ်ခုတွင် အခန်းမျက်နှာကြက်မှ မြွေပြုတ်ကျကာ တည်းခိုသူကို ကိုက်
14-Sep-2016
မန္တလေး၊ စက်တင်ဘာ ၁၄

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် အခန်းတစ်ခုတွင်  စက်တင်ဘာ ၁၃ ရက်နေ့ က အခန်းမျက်နှာကြက်မှှ မြွေတစ်ကောင်ပြုတ်ကျခဲ့ရာ  အဆိုပါ အခန်းတွင် တည်းခိုနေသော တရုတ်နိုင်ငံသား၏  မျက်လုံးကိုက်ခံရသည် တိုင်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဟိုတယ်အဆောက်အဦးနှင့်ကပ်လျက်ရှိသည့် သစ်ပင်တစ်ပင်ပင်မှ တရုတ်နိုင်ငံသား Mr.Li Guohua တည်းခိုနေသော အခန်းအတွင်းသို့မြွေဝင်ရောက် ဖြစ်နိုင်ကြောင်း ယင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍  အဆိုပါ ဟိုတယ်သို့ ဆက်သွယ်မေးမြန်းရာ "အဲဒီပုဂ္ဂိုလ်က ညနေငါးနာရီက Check In လုပ်တာပါ၊ ကျွန်တော်တို့ဆီမှာဖြစ်တာမဟုတ်ပါဘူး၊ ကျွန်တော်တို့ဆီမရောက်ခင်ကတည်းက ဖြစ်လာတာပါ၊ သူတည်းတဲ့အခန်း ၁၀၄ ဟာ လုံခြုံမှုအပြည့်ရှိပါတယ်၊ သက်ဆိုင်ရာကိုလည်း ပြသထားပြီးဖြစ်ပါတယ်"ဟု အခင်းဖြစ်ပွားသည်ဟုဆိုသော ဟိုတယ်မှ အထွေထွေမန်နေဂျာကပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် မြွေကိုက်ခံရသည့်အတွက် မျက်လုံးဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ကာ စက်တင်ဘာလ ၁၄ ရက်နေ့နံနက်က ပြည်လည်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။


  • VIA