News

POST TYPE

MANDALAY

သပိတ်ကျင်း အကျင့်ပျက် ဝန်ထမ်းများ၏ လုပ်ရပ် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ သိစေရန် ဒေသခံများ လက်မှတ်ထိုးတိုင်မည်
14-Sep-2016
သပိတ်ကျင်း၊ စက်တင်ဘာ ၁၃
သပိတ်ကျင်းဒေသခံများ စက်တင်ဘာလ ၅ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင်
ဆန္ဒထုတ်ဖော်နေသည်ကိုတွေ့ရစဉ်


မန္တလေးတိုင်းအတွင်း ပြဿနာ အများဆုံး ဖြစ်ပွားသည့် သပိတ်ကျင်းမြို့မှ အကျင့်ပျက် ဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတော်အဆင့် တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရန် ကျေးရွာဒေသခံများ စုပေါင်း လက်မှတ်ရေးထိုး၍ တင်ပြတိုင်ကြားမည်ဖြစ်ကြောင်း လိပ်ကျ ကျေးရွာ ဒေသခံများထံမှ သိရသည်။

တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်စေမည့် မှားယွင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်နေကြပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကာကွယ်စောင့်ရှောက်လိုစိတ် ကင်းမဲ့နေသော ဌာနဆိုင်ရာ ဝန်ထမ်းများ တစ်နေ့ထက်တစ်နေ့ ပိုမို အတင့်ရဲလာခြင်းကြောင့် တိုင်ကြားရခြင်းဖြစ်သည်ဟု သပိတ်ကျင်းဒေသ ဖွံ့ဖြိုးရေး ဦးဆောင်လှုပ်ရှားနေသူ ဦးမောင်ကြီးက ပြောကြားသည်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် လက်တွဲဆောင်ရွက်နိုင်မည့် ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အကျင့်ပျက် ဝန်ထမ်းတို့ကြောင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းများကို  နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ သိရှိနိုင်စေရန် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ၎င်းကဆိုသည်။

"ချောင်းကြီး ရေအေးကွင်းမှာ တရုတ်တွေနဲ့ ကားတွေအများကြီးမိတာကို ကားသုံးစီးထဲ ဖမ်းတာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေပါ။ တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို ပြည်သူတွေက တင်ပြ တိုင်ကြားနေတာကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်မှု မရှိဘဲ  မျက်ကွယ်ပြုတာလည်း ဒီဝန်ထမ်းတွေပါ ပဲ။ နှစ်ကာလရှည် စိုက်ပျိုးလာတဲ့ တောင်သူတွေ တရားစွဲခံရလို့ တရားရင်ဆိုင်နေရတာလည်း ဒီဝန်ထမ်းတွေကြောင့်ပါ။ ဒါတွေကို အရေးမယူဘူးဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ ကျေးရွာဒေသခံတွေ ထိုင်သပိတ်ဆင်နွှဲမယ်" ဟုလည်း ၎င်းကရှင်းပြသည်။

မြို့နယ်အတွင်း တရားရေးမဏ္ဍိုင် တိမ်းစောင်းနေခြင်း၊ အကျင့်ပျက် ဝန်ထမ်းများက အနိုင်အထက် ပြုကျင့်နေခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းလာခြင်း ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ၏ နစ်နာချက်များကို အချက်အလက် မှန်မှန်ကန်ကန်ဖြင့် တင်ပြလာလျှင် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်ပြရန် စီစဉ်ထားကြောင်း သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က ပြောကြားသည်။

"ကျွန်တော်တို့တွေ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခင်ကလည်း မြို့နယ်တိုင်းမှာ အကျင့်ပျက် ဝန်ထမ်းတွေ ရှိကြတာပေါ့နော်။ မြေစာရင်းနဲ့ ပတ်သက်တာတို့ သစ်တောနဲ့ ပတ်သက်လို့တို့ သတ္တုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြားနေရတာပေါ့လေ။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတော့လည်း အကျင့်ပျက် ဝန်ထမ်းတချို့က အရင်အတိုင်းပဲ ဆက်ရှိနေကြတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ပြဿနာတွေ၊ တရားမဝင် မှောင်ခိုလုပ်ငန်း လုပ်ကိုင်ကြသူတွေ၊ အကျင့်ပျက် ဝန်ထမ်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ဆိုရင် အချက်အလက် မှန်ကန်ဖို့က ပိုအရေးကြီးပါတယ်" ဟု ၎င်းကဆိုသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပျက်နေသော ကိစ္စရပ်များကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်တို့ထံသို့ ကျေးရွာ ၁၀ ခုမှ ပြည်သူများ စုပေါင်း လက်မှတ်ရေးထိုး၍ စက်တင်ဘာလ ၂၀ ရက်မတိုင်မီ တင်ပြတိုင်ကြားနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ဒေသခံများထံမှ သိရသည်။


  • VIA