News

POST TYPE

MANDALAY

အစိုးရ နည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားအချို့ကျောင်းသားစာရင်းမှ ပယ်ဖျက်ခံရခြင်းကို မိဘများမသိ
13-Sep-2016
မန္တလေး၊ စက်တင်ဘာ ၁၂

ပုသိမ်ကြီးမြို့နယ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားအချို့ကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ဟုဆိုကာ ပညာသင်နှစ် တစ်နှစ်တာ ကျောင်းသားစာရင်းမှ ပယ်ဖျက်ခဲ့သည်ကို ကျောင်းသားမိဘများ အနေနှင့် အချိန်မီ သိရှိခဲ့ခြင်း မရှိကြောင်း ကျောင်း ထုတ်ခံရသော ကျောင်းသားများ၏ မိဘများထံမှ သိရသည်။

အဆိုပါ အထက်ကျောင်း၏ ကျောင်းအာဏာပိုင်များက ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းအောက် လျော့နည်းနေသူများ အနက်မှ အဆိုးဆုံး ကျောင်းသားခုနစ်ဦးကို စက်တင်ဘာလ ၂ ရက်နေ့ကစ၍ ပညာသင်ယူခွင့် ရပ်နားထားခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

"ကျောင်းထုတ်မယ့် ကိစ္စကို ကြိုတင်အကြောင်းကြားခဲ့ခြင်း၊ မိဘတွေကို ခေါ်ယူတွေ့ဆုံ သတိပေးခြင်းမျိုး တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော့်သား ကျောင်းထုတ်ခံရတယ် ဆိုတာကိုတောင် စက်တင်ဘာလ  ၅ ရက်နေ့လောက်ကမှ အပြင်က သိရတာ။ ကျောင်းကို သွားကြည့်တော့မှ တကယ် ဖြစ်နေတာ" ဟု ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးမြဝင်းက  ပြောကြားသည်။

ကျောင်းတာဝန်ရှိသူများက ယင်း အကြောင်းကြားစာကို သြဂုတ်လ ၄ ရက်နေ့က တစ်ကြိမ်၊ ၂၆ ရက်နေ့က တစ်ကြိမ် ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ၂၆ ရက် ၈ လ ၂၀၁၆ ရက်စွဲပါ စာတစ်စောင်သာ စက်တင်ဘာလ ၅ ရက်နေ့က ရောက်ရှိလာကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"ငါးဆယ် ရာခိုင်နှုန်းအောက် ရောက်နေတဲ့ ကျောင်းသားတွေ အားလုံးကို ထုတ်လိုက်တာပါ၊ ကျောင်းသားမိဘတွေဆီကို စာနှစ်စောင် ပို့ပြီးတော့မှ ထုတ်တာပါဗျ၊ ပထမအကြိမ်က မိဘတွေကို ခေါ်တယ်၊ သူတို့ဆီ ရောက်တာ မရောက်တာကိုတော့ ကျွန်တော်မသိဘူး၊ သူတို့ရဲ့ မိသားစု ဆရာမတွေကလည်း ဖုန်းဆက်ပါတယ်၊ လာမတွေ့ကြဘူး။ အခုလို မသိဘူးဆိုတာတော့ စာတိုက်နဲ့ ရှင်းရမှာပေါ့၊ ရောက်တာ မရောက်တာကိုတော့ ကျွန်တော်တို့က အိမ်ထိ လိုက်မကြည့်နိုင်ဘူးလေ" ဟု အစိုးရ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးညိုချောက ပြောကြားသည်။

ကျောင်းခေါ်ချိန် ၅၀ ရာခိုင်နှုန်း အောက်သာရှိသည့် ကျောင်းသားများကိုသာ ကျောင်းထုတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ မထုတ်မီကလည်း သက်ဆိုင်ရာ ဌာနမှူးများမှ တစ်ဆင့် ကျောင်းသားများကို သတိပေးခြင်း၊ သြဂုတ်လကုန်ရက်များ အတွင်းကလည်း နေ့စဉ် ကျောင်းတက်ရန် ညွှန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ သတိပေး ညွှန်ကြားသည့်ကြားမှ ပျက်ကွက်သည့် ကျောင်းသားများကို ကျောင်းသားစာရင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အစိုးရ နည်းပညာအထက်ကျောင်းမှ ကျောင်းသား ကျောင်းသူများ အနေနှင့် ပထမနှစ်ဝက် မတိုင်မီကာကပင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း အပြည့် ကျောင်းတက်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ထုတ်ပယ်ခံရသည့် ကျောင်းသားများသည် ကျောင်းခေါ်ချိန် ၅၀ ရာခိုင်နှုန်းပင် ပြည့်မီခြင်း မရှိသည့်အတွက် ဒုတိယနှစ်ဝက်ကာလတွင် ရာခိုင်နှုန်းအပြည့် ကျောင်းတက်လျှင်ပင် ရာခိုင်နှုန်း ၁၅၀ ပြည့်မီတော့မည် မဟုတ်ကြောင်း၊ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းအပြည့် ကျောင်းမတက်သည့် နှစ်လရှိလျှင်ပင် ကျောင်းမှ ထုတ်ပယ်ခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကျောင်းထုတ်ခံရသည့် ကျောင်းသားအချို့သည့် တစ်ပတ်လျင် နှစ်ရက်ခန့်အထိ ပျက်ကွက်ခဲ့ကြောင်း၊ ကျောင်းထုတ်ခံ ကျောင်းသားများအနက် မထမနှစ် ကျောင်းသားနှစ်ဦးနှင့် ဒုတိယနှစ် ကျောင်းသား ငါးဦး ပါဝင်ကြောင်း ယင်းကျောင်းသားများထံမှ သိရသည်။

ယခုထုတ်ပယ်ခံရသည့် ကျောင်းသားခုနစ်ဦးသည် ၂၀၁၆-၁၇ ပညာသင်နှစ် တစ်နှစ်လုံး ကျောင်းတက်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး လာမည့် ပညာသင်နှစ်မှသာ  ကျောင်းဆက်တက်ခွင့် ရမည်ဖြစ်ကြောင်း အစိုးရနည်းပညာ အထက်တန်းကျောင်းထံမှ သိရသည်။


  • VIA