News

POST TYPE

MANDALAY

မန္တလေး ဘူတာကြီး အဝိုင်းပတ် နေရာတွင် အလိုအလျောက် ထိန်းချုပ်ပေးမည့် မီးပွိုင့် တပ်ဆင်မည်
12-Sep-2016

မန္တလေး၊ စက်တင်ဘာ ၁၂

ယာဉ်ကြော ရှုပ်ထွေးမှု အများဆုံး နေရာတွင် ပါဝင်သည့် မန္တလေးမြို့ ၇၈ လမ်းနှင့် လမ်း ၃ဝ ဆုံရာ ဘူတာကြီး အဝိုင်းပတ်ကို ဖျက်သိမ်း၍ ယင်းနေရာတွင် အလိုအလျောက် ထိန်းချုပ်ပေးမည့် Real Time Traffic Light မီးပွိုင့်အဖြစ် ပြောင်းလဲတပ်ဆင် ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။ 

၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တပ်ဆင်မည့် မီးပွိုင့် ၁ဝ ခုအနက် ယင်းနေရာကို ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဖြစ်၍ အဆိုပါ နေရာတွင် ထပ်ပိုးလွှာ ကတ္တရာ ခင်းမည်ဖြစ်ကြောင်း၊ ယာဉ်ကြော ခွဲခြင်း၊ လူကူးမျဉ်းကျား ရေးဆွဲခြင်းနှင့် ယာဉ်ကြောစနစ် အခြေအနေ မှတ်တမ်းများ ကောက်ယူပြီးလျှင် မြေအောက် အာရုံခံ ကေဘယ်ကြိုးများ ဖြန့်ကြက်ထားရှိမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။ 

“ညနေလေးနာရီ ဝန်းကျင်လောက်ဆိုရင် ဒီအဝိုင်းမှာ ယာဉ်ကြော ရှုပ်ထွေး နေတတ်တယ်။ ပြည်သူတွေကို ကူညီပေးချင်လို့ မီးပွိုင့်စနစ် တပ်ဆင်ဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တာ။ လက်ရှိ သြစတြေးလျမှာ ကျင့်သုံးနေတဲ့ စနစ်အတိုင်း တပ်ဆင်ပေးသွားမှာ”ဟု ၎င်းက ရှင်းပြသည်။ 

ယခုတပ်ဆင်မည့် Real Time Traffic Light မီးပွိုင့်တွင် မန္တလေးမြို့တွင်း တပ်ဆင်မည့် မီးပွိုင့် ၁ဝ ခုကို ထိန်းချုပ်ထားနိုင်မည့် ဗဟို ထိန်းချုပ်ခန်း ထည့်သွင်းထားမည်ဖြစ်ပြီး ဖြတ်သန်းသွား လာနေသည့် ယာဉ်နံပါတ်၊ လိုက်ပါသည့် လူဦးရေတို့ကို တိကျစွာ မှတ်တမ်း တင်နိုင်သည့် အဆင့်မြင့် စောင့်ကြည့် ကင်မရာ (CCTV) ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ မီးပွိုင့် တပ်ဆင်မည့် ကုမ္ပဏီအဆိုအရ သိရသည်။ 

“ဘူတာကြီးနဲ့ အဝိုင်းရဲ့ အလှအပက ပနံရပါတယ်။ မဖျက်စေချင်တာကတော့ အမှန်ပဲ။ ဒါပေမဲ့ ပြည်သူတွေ အကျိုးရှိမယ် ဆိုရင်တော့ ဘာမှ မှတ်ချက် မပေးချင်ပါဘူး”ဟု မန္တလေးမြို့ခံ လူငယ် တစ်ဦးက ပြောဆိုသည်။ 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနှင့် ယခုဘဏ္ဍာနှစ်အတွင်း အဆိုပါ စနစ်သုံး မီးပွိုင့်ပေါင်း ၁ဝ ခုအထိ တပ်ဆင်မည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအတွက် ဘတ်ဂျက်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။



  • VIA