News

POST TYPE

MANDALAY

တောင်သမန်သစ္စာ စီမံကိန်းကို မြို့တော်ဝန်အမိန့်ဖြင့် ရပ်ဆိုင်း၊ စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအတိုင်း ဆောင်ရွက်မည်
12-Sep-2016
ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး လာရောက်သည့် အမရပူရမြို့နယ် တောင်သမန် အင်းအနီးတွင် အကောင်အထည် ဖော်နေသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန် ကျေးလက်
စီမံကိန်းကို မန္တလေးမြို့တော်ဝန်အမိန့်ဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့က ရပ်ဆိုင်းစေခဲ့ပြီး စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က The Voice သို့ ပြောကြားသည်။

"တံတားအနီးမှာ တံတားနဲ့ Level တူ မြေဖို့ထားတာတွေ ရှိတယ်။ ရှစ်ပေလောက် မြင့်တယ်။ နောက်ပြီး ရေပိုက် မြောင်းတွေလည်း ရှိတယ်။ အဲဒါတွေက အင်းထဲကို အကုန်ရောက်မှာ။ အရင်ကလည်း နှစ်ကြိမ်လောက် တားမြစ်ထားတာ  ရှိတယ်။ အဲဒီတုန်းက နှုတ်မိန့်နဲ့ပေါ့။ အခုကတော့ တရားဝင်ဖြစ်အောင် စာထုတ် တားမြစ်လိုက်တာ" ဟု ၎င်းကဆိုသည်။

ဦးပိန်တံတားနှင့် ကပ်လျက် တောင်သမန် ကန်ပတ်လမ်းရှိ တံတားနှင့် ပေ ၂၀၀ ခွာ၍ ဆောင်ရွက်ရန်နှင့် ယခုဖို့ထားသည့် လမ်းသားအား ဖြိုဖျက်ရန်၊ တောင်သမန် ကမ်းနားတွင် စိုက်ထူထားသည့် အမရပူရ သုခုမရင်ပြင် ဆိုင်းဘုတ်ကို ဖြုတ်သိမ်းရန်၊ တောင်သမန်ကန်နှင့် ကန်ပတ်လမ်းအကြား ဆောင်ရွက်ထားသည့် ကျောက်ချောလမ်းကို ဖယ်ရှားရှင်းလင်းရန်၊ Phase  (1) မှအပ ကျန်ဧရိယာများတွင် အခိုင်အမာ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် စသည့်အချက် လေးချက်ဖြင့် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်း လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိ၊ တောင်သမန်အင်းကို ထိခိုက်မှုရှိ၊ မရှိ စသည်တို့ကို တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် စိစစ်ရေးအဖွဲ့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့သည်။

တောင်သမန်အင်း ဝန်းကျင် ထိခိုက်နိုင်မှု ရှိမရှိကို ပြည်သူလူထုများထံမှ လေ့လာမည်ဖြစ်ပြီး အင်းဝန်းကျင် မြေဖို့မှုများကြောင့် မြေဆီလွှာ တိုက်စားကာ အင်းကောနိုင်သည့် အခြေအနေကို တားမြစ်ရန် နည်းလမ်းများအတွက် မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင်လည်း မေးခွန်းများ မေးမြန်းသွားမည်ဟု စိစစ်ရေးအဖွဲ့ဝင် အမရပူရမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားသည်။

"လောလောဆယ်မှာတော့ လုပ်ငန်းတွေအားလုံး ရပ်နားထားပါတယ်။ စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာကို စောင့်နေပါတယ်" ဟု တောင်သမန်သစ္စာ ကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ထွန်း က ပြောဆိုသည်။
စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် နေအိမ် ၁၉၂ လုံး ဆောက်လုပ်မည့် ကိစ္စကိုလည်း ပြန်လည်စိစစ်မည်ဟု မန္တလေးမြို့တော်ဝန်က ထပ်လောင်းပြောကြားသည်။

"တစ်ခုချင်းစီအလိုက် လုပ်စေချင်တယ်။ တံတားပေါ်က ကြည့်ရင် ရုပ်မဆိုးဖို့ လိုတယ်။ အရုပ်ဆိုးတယ်ဆိုရင် ခွင့်မပြုဘူး။ လူတွေက တံတားပေါ်ကိုပဲ လာကြတာ၊ ပတ်ဝန်းကျင်က ရှုချင်စရာ မကောင်းရင် လာမှာမဟုတ်ဘူး" ဟု ၎င်းကဆိုသည်။

အဆိုပါ စီမံကိန်း မြေနေရာအသုံးပြုရန် မြေ ၄၀ ဒသမ၂၇ ဧကကို ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့က လည်းကောင်း၊ မြေ ၅၈ ဒသမ ၈၃ ဧကကို ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က လည်းကောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင် သည့် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေးထားခြင်း မရှိသေးပေ။

တိုင်းဒေသကြီး အစိုးရ ဖွဲ့စည်းပေးသည့် စိစစ်ရေး အဖွဲ့အနေနှင့် စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ပါသည့် အစီရင်ခံစာကို စက်တင်ဘာလ  ၃၀ ရက်နေ့ မတိုင်မီ တင်ပြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။


  • VIA