News

POST TYPE

MANDALAY

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် Professional ကားမောင်းပြိုင်ပွဲ ကျင်းပမည်
12-Sep-2016
မန္တလေး၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံတွင်း ပထမဦးဆုံး အကြိမ်အဖြစ် Professional ကားမောင်း ပြိုင်ပွဲကို မန္တလေး-ပြင်ဦးလွင် လမ်းပေါ်ရှိ ရတနာပုံ Cyber city တွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခြင်းဖြစ်သည်ဟု အဆိုပါ ကားပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့် Turbo Nos Association (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝဏ္ဏက ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် Time Attack ဟုခေါ်သည့် စံချိန်ဖြင့် မောင်းနှင်ရမည့် ပြိုင်ပွဲနှင့် Drift Race ဟုခေါ်သော မော်တော်ယာဉ်နှစ်စီး ယှဉ်ပြိုင် မောင်းနှင်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကားပြိုင်ပွဲကို ဒုတိယနေ့တွင် ကျင်းပမည်ဖြစ်ကာ ပထမနေ့တွင်မူ ကားအလှပြိုင်ပွဲနှင့် သရုပ်ပြ မောင်းနှင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

"နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲတစ်ရပ်အနေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်ဝမ်၊ ထိုင်းနဲ့ ဂျပန်က ဒိုင်တွေလည်းကို ခေါ်ထားတယ်။ ပြိုင်ပွဲဝင်ကြေးကိုတော့ ထပ်မံ ထုတ်ပြန်ပေးမှာပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်စာချုပ် ချုပ်ဆိုပြီးမှ ယှဉ်ပြိုင်ခွင့်ရမယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျင်းပတဲ့ ပွဲဆိုတော့ ပြိုင်ပွဲဝင် လျှောက်လွှာတွေထဲကမှ ရွေးချယ်ခံရသူတွေ ပြိုင်ပွဲဝင်ခွင့်ရမယ်" ဟု  ဦးဝဏ္ဏက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကားပြိုင်ပွဲတစ်ခုဖြစ်သောကြောင့် အရည်အချင်း ပြည့်ဝပြီး နိုင်ငံတကာအဆင့်မီ မောင်းနှင်နိုင်သော ပြိုင်ပွဲဝင်များ၏ အရည်အသွေး၊ အရည်အချင်းကို မြင်တွေ့ခွင့် ရနိုင်ကြောင်း မန္တလေးမြို့ခံ မော်တော်ကားဝါသနာရှင် ဦးထက်လင်းက ပြော ကြားသည်။

အဆိုပါ ကားပြိုင်ပွဲကို အလျား ပေ ၄၈၀ နှင့် အနံ ပေ ၂၄၀ ကျယ်ဝန်းသည့် ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပမည်ဖြစ်ရာ Time Attack  ပြိုင်ပွဲအတွက် မော်တော်ယာဉ်အစီးရေ ၅၀ ခန့်ဖြင့် Class A ၊ B ၊ C ဟု အုပ်စု သုံးခုခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး၊ Drift Race အတွက်မူ ပြိုင်ပွဲဝင်များ အန္တရာယ် မဖြစ်စေရန် စနစ်တကျ ပြင်ဆင်ထားရန်လိုကြောင်း၊ အဆိုပြိုင်ပွဲတွင် ဈေးဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်း ၃၀ နီးပါး ပါရှိမည်ဖြစ်ကြောင်း၊ တစ်ခန်းလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ်ပြီး ကြည့်ရှုလိုသည့် ပရိသတ်များအတွက် ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ကျပ် ၇၀၀၀ ၊ အထူးတန်းလက်မှတ် တစ်စောင်လျှင် ကျပ် ၁၅,၀၀၀ သတ်မှတ်ထားကြောင်း၊ အသေး စိတ် သိရှိလိုပါက ဖုန်း ၀၉ ၂၅ ၈၈၈ ၉၉၆၆၊ ၀၉ ၇၉၈၈ ၀၂၃၃ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း အဆိုပါ ပြိုင်ပွဲကို ဦးဆောင်ကျင်းပမည့် Turbo Nos Association  က ထုတ်ပြန်ထားသည်။   


  • VIA