News

POST TYPE

MANDALAY

မိတ္ထီလာမြို့ သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲ အခမဲ့ပို့ဆောင်ပေးမည်
13-Feb-2018

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၂

မိတ္ထီလာမြို့နယ်အတွင်းရှိ သမိုင်းဝင် သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲကို မတ်လ ၁ ရက် (တပေါင်းလပြည့်) နေ့ စတင်ကျင်းပမည်ဖြစ်ရာ လိုက်ပါလိုသူများကို အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိမ်ကိုးသိမ် ဘုရားဖူးပို့ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းက ပြောကြားသည်။

၁၂ ကြိမ်မြောက်ကျင်းပမည့် အဆိုပါပွဲသို့ ဘုရားဖူးလိုက်ပါလိုသူများကို အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက် ၁၄ ခုတွင် လူ အရေအတွက်အလိုက် မော်တော်ယာဉ်များ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများကို ထမင်းကျွေး ဧည့်ခံခေါ်ဆောင်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

“အသံမစဲပဋ္ဌာန်းပွဲက တပေါင်းလပြည့်ကျော် လေးရက်နေ့အထိ (ငါးရက်) ကျင်းပမှာဖြစ်ပါတယ်။ နဂါးရုံဘုရားရှေ့နဲ့ မိတ္ထီလာတက္ကသိုလ်ရှေ့မှာ ဘုရားဖူးယာဉ်တန်းစုရပ်တွေ သတ်မှတ်ထားပါတယ်။ တစ်နာရီစီခြားပြီး ယာဉ်တန်းတွေ ထွက်ပေးပါမယ်။ သဖန်းသိမ်နဲ့ ကလိန်ခြေသိမ်မှာ ဘုရားဖူးတွေကို နေ့လယ်စာကျွေးပါမယ်။ လူ ၇၀၀၀ စာအတွက် ပြင်ဆင်ထားပေးမယ်”ဟု ဦးအောင်ဆန်းက ထပ်လောင်းပြောဆိုသည်။ 

အနော်ရထာမင်းလက်ထက် သက္ကရာဇ် ၄၁၆ ခုနှစ်တွင် မိတ္ထီလာကန် ကိုပြုပြင်ခဲ့ရာ ၎င်းပင့်ဆောင်လာခဲ့သော ရှင်အရဟံအမှူးပြုသော မထေရ်ကြီးကိုးပါးနှင့် မထေရ်ငယ် ၂၅ ပါးတို့က တစ်ပြိုင်တည်း တစ်ချိန်တည်းတွင် သိမ်ကိုးသိမ်သမုတ်တော်မူခဲ့ကြောင်း မိတ္ထီလာကန်သမိုင်း ကျောက်စာအရသိရသည်။ 

သိမ်ကိုးသိမ်ကို တစ်နေ့တာအတွင်း ဖူးမြော်ဆုတောင်းပါက လိုအင်ဆန္ဒများ ပြည့်သည်ဟူသော အယူအဆရှိကြောင်း မိတ္ထီလာဒေသခံများထံမှ သိရသည်။

မိတ္ထီလာမြို့ရှိ သိမ်ကိုးသိမ်ဆိုသည်မှာ ဆည်ကုန်းရွာမှ ပဲသီတာသိမ်၊ အိုမတွေ့ရွာမှ ကတ္တူသိမ်၊ ဝက်ကျောက်ရွာမှ ဝက်ကျောက်သိမ်၊ ရှင်မြို့ရွာမှ ရှင်ပင်ကူသိမ်၊ သီရိမင်္ဂလာရပ်မှ ထီးသုံးဆင့်သိမ်၊ ညောင်ဇောက်ရွာမှ သဖန်းသိမ်၊ ကျောင်းရွာမှ ကလိန်ခြေသိမ်၊ သာစည်မြို့နယ် အူဂုံရွာမှ ကုဖြူသိမ်နှင့် ကုန်းတောင်ရွာမှ ကုန်းတောင်းသိမ်တို့ဖြစ်သည်။ 

မိတ္ထီလာကန်၏ အနောက်ပိုင်းတွင် လေးခု၊ မိတ္ထီလာမြို့လယ်တွင် တစ်ခု၊ မိတ္ထီလာကန်၏ အရှေ့ပိုင်းတွင် လေးခုရှိကြောင်း၊ ညောင်ဇောက်ရွာရှိ သဖန်းသိမ် တစ်ခုတည်းသာ ပုဂံခေတ်လက်ရာ အတိုင်းရှိတော့ကြောင်း အဆိုပါ သိမ်များကို သုတေသနပြုလုပ်ခဲ့ဖူးသော မိတ္ထီလာမြို့ခံ ဦးမောင်အေးက ပြောဆိုသည်။ 

R-01

  • VIA