News

POST TYPE

MANDALAY

နွားထိုးကြီးတွင် သံခေတ်သင်္ချိုင်းဟုယူဆရသည့် အထောက်အထားများတွေ့
13-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း သံခေတ်ကသင်္ချိုင်းဟောင်းဟု ယူဆရသည့် အထောက်အထားများ တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နွားထိုးကြီးမြို့နယ် ပဒေါင်းကျေးရွာအနီး ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၃၂၉/၇) ဝဲဘက်လမ်းဘေး ပေ ၁၅၀၀ ခန့်အကွာ၌ မြေများတူးဖော်ထားသည်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က မသင်္ကာဖွယ်တွေ့ရှိရကြောင်း၊ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ သံခေတ်သင်္ချိုင်းဟောင်းတစ်ခုဖြစ်နိုင်ပြီး မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းအခွံ၊ မြေထည်၊ မြေပန်းကန်အပိုင်းအစများ တွေ့ရှိခဲ့ရကြောင်း၊ လတ်တလောတွင် ပဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တို့တွင် ကြေးခေတ်၊ သံခေတ် သင်္ချိုင်းဟောင်းများရှိသောကြောင့် တူးဖော်မှုများပြုလုပ်လျက်ရှိကြောင်း၊ ယခုတွေ့ရှိရသည့်နေရာသည် ယခင်တူးဖော်ထားသည့်နေရာ သို့မဟုတ် အသစ်တွေ့ရှိသည့်နေရာဆိုသည်ကိုမူ လတ်တလောတွင် ကွဲပြားစွာမသိရသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

M-05